ဗုဒ္ဓဆင်းတုတော် ၉ ဆူ တရားမဝင်သယ်ဆောင်လာသူကို တည်းခိုခန်းတွင် ဖမ်းဆီး

ဗုဒ္ဓဆင်းတုတော် ၉ ဆူ တရားမဝင်သယ်ဆောင်လာသူကို တည်းခိုခန်းတွင် ဖမ်းဆီး
ဓာတ်ပုံ-ပြည်ထဲရေး
 

ရန်ကုန်၊ ဖေဖော်ဝါရီလ ၇ ။         ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မြေနီကုန်းရပ်ကွက်ရှိ နဝရတ်တည်းခိုခန်းတွင် ဗုဒ္ဓဆင်းတုတော် ၉ ဆူတရားမဝင်သယ်ဆောင်လာသူတစ်ဦးကို   လာရောက်တည်းခိုသည့် အမျိုးသားတစ်ဦးထံမှဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

ဗုဒ္ဓဆင်းတုတော်များနှင့်အတူ အဆိုပါ နဝရတ်တည်းခိုခန်းတွင် အမျိုးသားတစ်ဦးလာရောက်တည်းခိုနေကြောင်း သတင်းအရ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၅ ရက်၊ ည ၁ဝ နာရီခန့်အချိန် သွားရောက်စစ်ဆေးရာမှ ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုဒ္ဓဆင်းတုတော်များ သယ်ဆောင်လာသူ အမျိုးသားမှာ အသက် ၄၅ နှစ်အရွယ် အောင်ကျော်ထွန်း(ခ) အောင်ထွန်း(ခ) မူတူးဆိုသူဖြစ်သည်။

၎င်းထွက်ဆိုချက်အရ ဘုရားဆင်းတုတော်များအား ဖေဖော်ဝါရီလ ၃ ရက်နေ့က မော်လမြိုင်မြို့၊ မြေနီကုန်းရပ် ကွက်၊ မိဘမေတ္တာလက်ဖက်ရည်ဆိုင်မှ ရင်းနှီးသူ ဦးမြဒင် (စိစစ်ဆဲ)ထံမှ ကျပ် ၁ သိန်းဖြင့်  မြဝတီတွင် ပြန် လည်ရောင်းချရန် ဝယ်ယူခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိခဲ့သည့် ဆင်းတုတော်များမှာ ဉာဏ်တော် ၁ လက်မမှ ၁ ပေခန့်အတွင်းရှိ အင်္ဂတေ၊ သစ်သား၊ ကျောက်စိမ်းတို့ဖြင့် ပြုလုပ်ထားသော ထိုင်တော်မူ ဆင်းတုတော် ၆ ဆူ၊ ဉာဏ်တော် ၄ လက်မခန့်ရှိ ရွှေရောင် အုတ်ခွက် ဆင်းတုတော် ၁ ဆူ၊ ဉာဏ်တော် ၄ လက်မခန့်ရှိ ရှင်ဥပဂုတ္တမ ထေရ်ရုပ်ပွားတော် ၁ ခု၊ ဉာဏ်တော် ၅ လက်မခန့်ရှိ ရှင်သီဝလိ ရုပ်ပွားတော် ၁ ခုနှင့် ခြင်္သေ့ရုပ်ပုံ အောက်ခံ ပုလ္လင် ၂ ခု သိမ်းဆည်းရမိခဲ့ခြင်းဖြစ် သည်။

ထိုသို့ ဗုဒ္ဓဆင်းတုတော်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အောင်ကျော်ထွန်း(ခ) အောင်ထွန်း(ခ) မူတူးဆိုသူကို ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းတွင် (ပ)၈၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ- ၃၈ဝ/၂၉၅ /ကျင့် ၅၄(ခိုးမှု၊ ဘာသာသာ သနာစော်ကားမှု၊ မသင်္ကာမှု)တို့ဖြင့် အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးနေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly