လမ်းပေါ်ထိ ဆိုင်ခင်းရောင်းချသော ရ၃ လမ်းပေါ်ရှိ စတိုးဆိုင်အား ရဲတပ်ဖွဲ့မှ ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်

လမ်းပေါ်ထိ ဆိုင်ခင်းရောင်းချသော ရ၃ လမ်းပေါ်ရှိ စတိုးဆိုင်အား ရဲတပ်ဖွဲ့မှ ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်
(ဓာတ်ပုံ၊စည်ပင်သာယာရေးကော်မတီ)

မန္တလေး၊ဖေဖော်ဝါရီ ၇ ။           ။ မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊၇၃လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ "7 Colour Fancy" စတိုးဆိုင်မှာ လမ်းမပေါ်အထိ ပစ္စည်းများခင်းကျင်းရောင်းချနေပြီး ဆိုင်ပိုင်ရှင်မှာလည်း ဘီယာထိုင် သောက်ကာ အော်ဟစ်သောင်းကျန်းနေခြင်းကြောင့် အမှတ် ၉ မြို့မရဲစခန်းမှ ပုဒ်မ ၃ ခုဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

ထိုသို့အရေးယူနိုင်ရန်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊မဟာအောင်မြေမြို့နယ် ကျူးရှင်းလင်းရေးအဖွဲ့ခေါင်းဆောင်က တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အမှုဖွင့်ပေးရန် တိုင်ကြားသည့် စာထဲတွင် ဖေဖော်ဝါရီ ၆ ရက်၊ညနေ ၅ နာရီ၊ ၃၀ မိနစ်တွင် စည်ပင်သာယာရေး ကော်မတီ၊ မဟာအောင်မြေမြို့နယ်၊ကျူးရှင်းလင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးဝင်းဇော်ဦးက ၇၃ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ "7 Colour Fancy" စတိုးဆိုင်မှ ဦးသောင်းညွှန့်မှာ ၎င်း၏ ဆိုင်ရှေ့လမ်းမပေါ်တွင် ကုန်ပစ္စည်းများခင်းကျင်း၍ ထိုင်ခုံချကာ ဘီယာထိုင် သောက်ပြီး အော်ဟစ်သောင်းကျန်းနေကြောင်း ဖုန်းဖြင့်အကြောင်းကြားချက်ကြားချက်အရ စည်ပင်သာယာရဲတပ်ဖွဲ့မှ ဒုတပ်ကြပ် သန်းနွယ်စိုး၊ရဲတပ်သား ဇင်မင်းထက်၊အပိုင်နယ်ထိန်း၊အကွက်မှူး ဦးကိုလေးတို့နှင့်အတူ သွားရောက်ထိန်းသိမ်းခဲ့သည်။ ဦးသောင်းညွှန့်သည် ၇၃ လမ်းမပေါ်တွင် ၎င်းဆိုင် ရှိပစ္စည်းများအား ၁၀ ပေခန့်အထိ စုပုံခင်းကျင်းကာ ထိုင်ခုံချ၍ ဘီယာထိုင်သောက်လျက်ရှိပြီး အများပြည်သူ စိတ်ငြိုငြင်စေရန် မူးယစ်သောက်စား အော်ဟစ်ဆူပူလျှက်ရှိသည်ကို တွေ့ရှိရသဖြင့် ဥပဒေအရ အရေးယူပေးနိုင်ရန် တိုင်ကြားအပ်ပါသည် ဟု ပါရှိသည်။

ထိုသို့တိုင်တန်းမှုကြောင့် အမှတ်၉မြို့မ ရဲစခန်းမှ"7 Colour Fancy"စတိုးဆိုင်ပိုင်ရှင် ဦးသောင်းညွန့် အား (ပ)၆၃/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ၂၉၄/၅၀၆/၄၂၇ ဖြင့် အရေးယူဆောင်ရွက်ထားပြီး အခင်းဖြစ်မှုတွင် ပါဝင်သည့် ၎င်းဆိုင်ဝန်ထမ်းတစ်ဦးကိုလည်း ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly