၁၃၀၀ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သည့် အာဇာနည် ၁၇ ဦး၏ ရ၉ နှစ်မြောက် အခမ်းအနားပြုလုပ်

၁၃၀၀ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သည့် အာဇာနည် ၁၇ ဦး၏ ရ၉ နှစ်မြောက် အခမ်းအနားပြုလုပ်
ဓာတ်ပုံ - ဘိုဘို

 

မန္တလေး၊ဖေဖော်ဝါရီ ၇ ။             ။  မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်၊သူကြွယ်ကုန်းတွင်ရှိသည့် အာဇာနည်ဗိမာန်တွင် ၁၃၀၀ အရေးတော်ပုံ၌ ကျဆုံးသွားခဲ့သည့် အာဇာနည် ၁၇ဦး၏ ၇၉နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဖေဖော်ဝါရီလ၇ရက်၊နံနက် ၉ နာရီက ပြုလုပ်သည်။

 အဆိုပါအခမ်းအနားတွင် အာဇာနည် ၁၇ ဦးကို ရည်စူး၍ သံဃာ ၁၇ ပါးအားဆွမ်းကပ်ခြင်း၊နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊နိုင်ငံရေးအကျဉ်းသားဟောင်းများ ၊နိုင်ငံရေးတက်ကြွလှုရှားသူများနှင့် တောင်သူလယ်သမား၊အလုပ်သမားသမဂ္ဂအဖွဲ့များ စသည့် အဖွဲ့အစည်းများ တက်ရောက်အလေးပြုကြပြီး အာဇာနည် ၁၇ ဦးတို့၏ မိသားစုဝင်အချို့လည်း တက်ရောက် ဂါရဝပြုကြသည်။

 မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ သမိုင်းကာလတွင် လယ်သမား၊ အလုပ်သမား၊ ကျောင်းသား၊ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးက တစ်ပြည်လုံး အတိုင်းအတာနှင့် တညီတညွတ်တည်း ဆင်နွှဲခဲ့သည့် ၁၃ဝဝပြည့် အရေးတော်ပုံကြီး၌ မန္တလေးတွင်လည်း အစိုးရက ကြိုတင်တားဆီးမှုများ၊ကန့်သတ်ချက်များ၊ ဥပဒေများစသည်တို့ကို ထုတ်ပြန်ခဲ့ကြပြီး ခေါင်းဆောင် ကျောင်းသားများကို ဖမ်းဆီးခဲ့ကြခြင်းကြောင့် ရဟန်းသံဃာများ ဦးဆောင်ပြီး မြို့လုံးကျွတ် သပိတ်မှောက်ခဲ့ကြသည်။ထို့အပြင် သောင်းချီသည့် လူထုကပါချီတက်ဆန္ဒပြခဲ့ကြသည်။ထိုကဲ့သို့ ဆန္ဒပြချီတက်လာသည်ကို နယ်ချဲ့အစိုးရက ၂၆ ဘီလမ်းမပေါ်တွင် ပစ်ခတ်နှိမ်နင်းရာ စုစုပေါင်း ရဟန်းအာဇာနည် ခုနစ်ပါးနှင့် ကျောင်းသား ပြည်သူ အာဇာနည် ၁ဝ ဦး စုစုပေါင်း ၁၇ ဦး ကျဆုံးခဲ့ရ ကြောင်းသိရသည်။

ကျဆုံးသွားသည့် အာဇာနည် ၁၇ ဦး၏ ရုပ်ကလာပ်တွေကို တမ္ပဝတီရပ် သူကြွယ်ကုန်းတွင် မြို့လူထုက မြေနေရာလှူ ဒါန်းပြီး မြို့လူထုကပင် အခမ်းအနားဖြင့် ပရိသတ် နှစ်သိန်းကျော် တက်ရောက်ဂါရဝပြုကြကာ မြှုပ်နှံသြင်္ဂိုဟ်ခဲ့ကြသည်။ ထိုနေရာ၌ မြို့လူထု၏ ထည့်ဝင်အလှူငွေများနှင့် အာဇာနည် မိသားစုဝင်တို့မှထည့်ဝင်သည့် အလှူငွေများဖြင့် 'အာဇာနည်ဗိမာန်'ကို တည်ဆောက်ခဲ့ကြသည်။ မြို့လူထုက နှစ်စဉ် တပို့တွဲ လပြည့်ကျော် ၇ ရက်နေ့ရောက်တိုင်း အမှတ်တရအခမ်းအနား ကျင်းပခြင်း၊ လွမ်းသူ့ပန်းခွေချခြင်းနှင့်ဆွမ်းကပ် အမျှအတန်းဝေခြင်း၊ အလေးပြုခြင်းများကို နှစ်စဉ်ပြုလုပ်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly