AP သတင်းဌာနကို ပြည်နယ်အစိုးရမှတရားစွဲဆိုမည့်ကိစ္စ ရှေ့နေချုပ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်နေ

AP သတင်းဌာနကို ပြည်နယ်အစိုးရမှတရားစွဲဆိုမည့်ကိစ္စ ရှေ့နေချုပ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်နေ
ဓာတ်ပုံ - Information Committee

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ။       ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ၊ ဂူတာပြင်ကျေးရွာအနီး ရုပ်အလောင်းများ အစုလိုက် အပြုံလိုက် မြှုပ်နှံထားသည်ဟု AP သတင်းဌာန၏ သတင်းဖော်ပြချက်နှင့် ပတ်သက်ပြီး AP သတင်းဌာနကို ပြည်နယ်အစိုးရမှတရားစွဲဆိုမည့်ကိစ္စ ရှေ့နေချုပ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်နေသည်ဟု ရခိုင်ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက မဇ္ဈိမသို့ပြောသည်။

“ ဘယ်အခြေနေရောက်ပြီလည်းတော့မသိဘူး။ ရှေ့နေချုပ်ရုံးနဲ့ဆက်သွယ်ပြီး ဆောင်ရွက်နေပါတယ် “ ဟု၎င်းကပြောသည်။

AP သတင်းဌာန၏ သတင်းဖော်ပြချက်မှာ မဟုတ်မှန်သည့်အပြင် နိုင်ငံတော် ဂုဏ်သိက္ခာ ကျဆင်းစေခြင်းအတွက် တရားစွဲဆိုရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှပြောဆိုထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ တရားစွဲနှင့် အမှုလိုက်ဌာနမှ တာဝန်ရှိသူတစ်ဦးက ရခိုင်ပြည်နယ်အစိုးရ၏ အကြံဉာဏ်တောင်း သည့်ကိစ္စနှင့် ပက်သက်ပြီး အမြန်ဆုံး အကြောင်းပြန်နိုင်ရန်ဆောင်ရွက်နေကြောင်းဆိုသည်။

“ လူကြီးတွေဆီတင်ပြပြီးအကြောင်း ပြန်ဖို့လုပ်နေပါတယ်။ သူတို့တင်ပြလာတာက ဥပဒေအကြံအဉာဏ်ပေးခြင်းကိစ္စနှင့် ပက်သက်လို့တင် ပြလာတာပေါ့။ ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ အကြံဉာဏ်ပေးခြင်းပေါ့။ ပြည်နယ်ကို ပြန်ကြားပေးဖို့လုပ်နေပါတယ် “ ဟု တရားစွဲနှင့် အမှုလိုက်ဌာနမှ တာဝန်ရှိသူကပြောသည်။

ဂူတာပြင်ကျေးရွာဝန်းကျင်တွင် ရာနှင့်ချီသည့် ရုပ်အလောင်းများအား နေရာ ၅ နေရာတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည်ဟု AP သတင်းဌာနက ဘင်္ဂလားဒေ့ရှၤဖက်မှ ဘင်္ဂါလီဒုက္ခသည်စခန်းတွင် နေထိုင်သူများ၏ပြောစကားများအား ကိုးကားပြီး ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရုပ်အလောင်းများသည် အက်ဆစ်လောင်း၍ ဖျောက်ဖျက်ရန် စီစဉ်ထားခြင်းကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်ဟုလည်း အဆိုပါသတင်းတွင်ပါရှိသည်။

မြေပြင်ကွင်းဆင်းလေ့လာပြီးတွေ့ရှိချက်များအရ AP သတင်းဌာန၏ဖော်ပြချက်မှာမဟုတ်မှန်ဟု သြဂုတ် ၂၈ ရက်နေ့ ကအစိုးဘက်မှတရား ဝင်ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဂူတာပြင်ကျေးရွာအနီးဝန်းကျင်ရှိ အခြားကျေးရွာများတွင်လည်း AP သတင်းဖော်ပြချက်ပါ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိ ဆက်လက်စုံစမ်း စိစစ်လျက်ရှိသည်ဟု အစိုးရဘက်မှ ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly