သပိတ်ကျင်းမြို့နယ် အတွင်းရှိ သိမ်းဆည်းခံ လယ်မြေများ ပြန်ပေးရန် မန္တလေးတွင် ဆန္ဒဖော်ထုတ်

သပိတ်ကျင်းမြို့နယ် အတွင်းရှိ သိမ်းဆည်းခံ လယ်မြေများ ပြန်ပေးရန် မန္တလေးတွင် ဆန္ဒဖော်ထုတ်
ဓါတ်ပုံ - ဘိုဘို

မန္တလေး၊ သြဂုတ် ၂၄ ။       ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နယ်ခွဲရှိ ဘိုးဘွားပိုင် ဓားမဦးချ လုပ်ကိုင်နေသော မူလပိုင်ရှင် ၃၀ ဦးကျော်တို့၏ လယ်ယာမြေဧက ၁၀၀ ကျော်အား ၂၀၀၃ ခုနှစ်က သပိတ်ကျင်းမြို့နယ်၊ ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့က သိမ်းယူထားခြင်းကို  ပြန်လည်ပေးအပ်ရန် အတွက် ဒေသခံတောင်သူ ၁၁ဦး က  သြဂုတ် ၂၄ ရက်တွင် ဆန္ဒဖော်ထုတ်ကြသည်။

ဒေသခံများက ဆန္ဒဖော်ထုတ်ရာတွင် နံနက် ၉ နာရီခန့်တွင် မန္တလေးမြို့၊ ၃၆ လမ်းမှစတင်၍ ၆၂ လမ်း အတိုင်း လူထုဟစ်တိုင်းကွင်း အထိ ချီတက်ဆန္ဒပြကြခြင်းဖြစ်သည်။  

ဆန္ဒပြသူများသည် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့့််ဖွံ့ဖြိုးရေးပါတီရုံးရှေ့တွင် ဆန္ဒပြရန်သြဂုတ်လ ၁၉ ရက်က စာတင်ခဲ့သော်လည်း ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဟစ်တိုင်ကွင်း တွင်သာ ခွင့်ပြုပေးခဲ့သည်ဟု ဦးဆောင်သူဦးတင်ဌေး က ပြောသည်။

အဆိုပါမြေသိမ်းဆည်းမှုတွင်  ယင်းအချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း (ယင်းအချိန်က အသင်း) အများဆုံး သိမ်းဆည်း ထားခြင်းကြောင့် ပါတီတိုင်းရုံးရှေ့တွင် ဆန္ဒပြရန်စီစဉ်ခြင်းဖြစ် သည်။

ဦးတင်ဌေး က “ကျွန်တော်တို့အနေနဲ့ခွင့်ပြုမပေးလည်း တိုင်းပါတီရုံးရှေ့မှာ ဆန္ဒပြဖို့ စီစဉ်ပြီးသားပါ။ ဒါပေမယ့် မလိုလားအပ်တဲ့ ပြသနာတွေဖြစ်နိုင်တာကြောင့် သူတို့ချပေးတဲ့နေရာမှာ ဥပဒေအတိုင်း အခုလို ဆန္ဒပြရတာပါ။ တစ်လအတွင်းဘာမှ မထူးခြားဘူး။ဖြေရှင်းပေးတာမရှိဘူဆိုရင်တော့ စာမတင်ပဲ တိုင်းပါတီရုံးရှေ့မှာ ဆက်ပြီး ဆန္ဒပြသွားပါမယ်။  “ဟု ပြောသည်။

သိမ်းဆည်းထားသောလယ်ယာမြေများ ပြန်လည် ရရှိစေရန်အတွက် ဒေသခံများသည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ  ၂၉ ရက်တွင် သမ္မတ ဦးသိန်းစိန် အပါအဝင် ဝန်ကြီးဌာနအသီးသီးတို့ထံ တိုင်ကြားစာ များပေးပို့တောင်း ဆိုမှုများလုပ်ဆောင်နေသော်လည်း ယနေ့အချိန်ထိ ဖြေရှင်းဆောင်ရွက်ပေးမှုများ မရှိခြင်းကြောင့် မန္တလေးမြို့ပေါ်သို့တက်၍ ဆန္ဒပြရခြင်းဖြစ်သည်ဟု တကောင်းမြို့နယ်ခွဲ ဖုန်ကုန်း ရွာဦး ကျောင်းဆရာတော် ဦးကဝိသာရ  က မိန့်သည်။

ဦးကဝိသာရ က  “ သူတို့သိမ်းခဲ့တဲ့ မြေတွေထဲမှာ ဘုန်းကြီး မယ်တော်ရဲ့မြေ ၁၂ ဧက ပါတယ်။ ပြီးတော့ သူတို့က ဘာမှမပေးဘဲ မြေသိမ်းခဲ့တော့ တစ်ရွာလုံး ဒုက္ခရောက်နေတယ်။ ဒါကြောင့် ဘုန်းကြီးပါ ပါဝင်ရခြင်းဖြစ်တယ်။ ပြီးတော့ ဒီနေ့ဆန္ဒပြတာကို တစ်ရွာလုံးက လိုက်လာချင် တယ်။ ဒါပေမယ့် ခရီးစရိတ်မတတ်နိုင်လို့နေခဲ့ကြရတယ်။ ဒါကြောင့် တစ်ရွာလုံးကိုယ်စားပြုပြီး ၁၁ ဦးနဲ့ပဲ ဆန္ဒပြရခြင်းဖြစ် တယ်။ “ဟု မိန့်ကြားသည်။

ဆန္ဒပြရာတွင် ပါဝင်သူ ဒေါ်ဝင်းကြည်ကလည်း  “သိက္ခာရှိရှိ မြေကိုပြန်ပေးစေချင်တယ်။ ရ ရ မယ် လို့လည်းမျှော်လင့်တယ်။ ပြည်သူ့ကောင်းကျိုးရှေးရှု့ပြီး လုပ်နေတဲ့ပါတီ အမှန်တကယ်ဆိုရင်တော့ ဒီမြေလေး ပြန်ပေးမယ်လို့ ယုံကြည်ပါတယ်။ “ဟုပြောသည်။

အဆိုပါဆန္ဒပြမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ပြန်ကြားရေးတာဝန်ခံ ဦးတင်ထွန်း က ပါတီအနေဖြင့်မြေ များသိမ်းဆည်း ထားခြင်း မရှိသောကြောင့်ဖြေရှင်းချက်ပေးနေစရာမလိုကြောင်းဟု ဆိုသည်။

လုံခြုံရေးယူပေးနေသော ချမ်းအေးသာစံ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦး က “ကျွန်တော်တို့အနေနဲ့ လုံခြုံရေး ယူနိုင်မယ့်နေရာကို ခွင့်ပြုပေးထားတာပါ။ သူတို့တောင်းတဲ့နေရာက ယာဉ်ကြောပိတ်ဆို့ မှုတွေဖြစ်နိုင်တယ်။ တခြားပြသနာတွေရှိနိုင်တယ်။ဒါကြောင့် ဟစ်တိုင်နေရာကို ခွင့်ပြုပေးခဲ့တာပါ။ “ ပြောသည်။

ဆန္ဒပြပွဲသည် နံနက် ၁၀နာရီတွင် ပြီးဆုံးခဲ့ပြီး ဆက်လက်၍ ဆန္ဒပြသူများသည် လယ်ယာမြေများ ပြန်လည် စွန့်လွှတိပေးရန်အတွက် တိုင်းပါတီသို့ သွားရောက်၍ စာတင်ခဲ့သည်ဟုလည်း ဦးဆောင်သူ ဦးတင်ဌေး ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly