ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၁၅၀ ကျော် ထွက်ပြေးတိမ်ရှောင်နေရ

ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၁၅၀ ကျော် ထွက်ပြေးတိမ်ရှောင်နေရ
ဓါတ်ပုံ ဆရာ ခွန်ဂေါင်

ချင်းမိုင်၊ ဖေဖော်ဝါရီလ ၆ ။          ။ တပ်မတော်နှင့် TNLA တို့ ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလာသဖြင့် ရွာသား ၁၅၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သိရသည်။

ဇန်နဝါရီလ ၅ ရက်က ကွက်ခိုင်မြို့နယ် ကြိမ်မွန်းအုပ်စု ဒါခိုင်းကျေးရွာနှင့် စိုင်းခေါင်ကျေးရွာမှ အိမ်ထောင်စု ၄၀ မှ ရွာသား ၁၅၈ ဦးသည် ၎င်းတို့ ကျေးရွာမှ ၅ မိုင်အကွာအဝေးရှိ   ကောင်းအိုင်ကျေးရွာဘုန်းကြီးကျောင်းသို့ ခိုလှုံနေကြရသည်ဟု ဖေဖော်ဝါရီလ ၆ ရက်က အဆိုပါ ရွာသားများကို သွားရောက်ကြည့်ရှုခဲ့သူ သိန္နီမြို့နယ်မှ ဆရာထောင်ဒေါင်က ပြောသည်။

 “ဒါခိုင်းရွာနဲ့ စိုင်းခေါင်ရွာထဲထိ တိုက်ပွဲဖြစ်လာလို့ ထွက်ပြေးလာကြတယ်။ သူတို့ထွက်ပြေးလာတာက ၃ ရက်ရှိပြီ။ ဒီဘုန်းကြီးကျောင်းကို ဒီနေ့မှ ရောက်လာကြတယ်။ အခုထိ ပလောင်တပ်နဲ့ တပ်မတော်တို့ စစ်ရေးနှစ်ဖက် စောင့်ကြည့်နေတုန်းဘဲ”ဟု သူက မဇ္ဈိမကို ပြောသည်။

ယနေ့ သွားရောက် ကြည့်ရှုခဲ့သူ သိန္နီမြို့နယ် နှစ်ခြင်းခရစ်ယန်အသင်းတော်မှ သိက္ခာတော်ရ ဆရာခွန်ဂေါင်က အဆိုပါ စစ်ဘေး ရှောင်လာသူများထဲတွင် ကျောင်းသားများ၊ ကျောင်းဆရာမများလည်း ပါဝင်ပြီး အဓိက အစားအသောက်အတွက် အရေးပေါ် လိုအပ်နေသည်ဟု ပြောသည်။

 “အခုက အဓိကတော့ အစားအသောက်အတွက်လိုတယ်။ အခုအချိန်တော့ ရှမ်းဘုန်းကြီး ကျောင်းမှာနေတော့ ဘုန်းကြီးကျောင်းကဘဲ ကြည့်နေတယ်။ စောင်တွေတော့ ရှိတယ်။ အချိန်ကြာလာရင်တော့ ခက်ခဲလာမယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

အဆိုပါ ဒေသများတွင် ယနေ့ထိ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သော်လည်း တချို့ကျေးရွာသားများက ထွက်ပြေး တိမ်းရှောင်လာခြင်း မရှိဘဲ အခြေအနေ စောင့်ကြည့် နေကြသည်ဟု သူက ပြောသည်။

“ဒီနေ့ သူတို့ကို မေးကြည့်တော့ အချိန်နည်းနည်းစောင့်ကြည့်ရမယ်။ ၁၀ ရက်လောက် နေပြီး ပြန်လို့ ရရင်ပြန်မယ်။ မပြန်နိုင်တော့ဘူးဆိုရင် နေရာထိုင်ခင်းလိုအပ်မယ်လို့ ပြောတယ်”ဟု ဆရာထောင်ဒေါင်က ပြောသည်။

ထွက်ပြေးလာသူများသည် ကချင်၊ ပလောင်၊ ရှမ်း တိုင်းရင်းသားဖြစ်ကြပြီး အဆိုပါ စစ်ပြေး ဒုက္ခသည်များအတွက် ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်က သိန္နီမြို့နယ် အုပ်ချုပ်ရေးမှူးဦးဆောင်ပြီး ဆန်အိတ် ၁၀ အိတ် လာရောက် ထောက်ပံ့ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly