အသတ်ခံရသည့် FDA ဝန်ထမ်းနှင့် တက္ကစီယာဉ်မောင်းအတွက် အလှူငွေကောက်ခံသည့် လှုပ်ရှားမှုပြုလုပ်မည်

အသတ်ခံရသည့် FDA ဝန်ထမ်းနှင့် တက္ကစီယာဉ်မောင်းအတွက် အလှူငွေကောက်ခံသည့် လှုပ်ရှားမှုပြုလုပ်မည်
ကွယ်လွန်သွားတဲ့ (မရွှေရည်ဝင်း အသက် ၂၆ နှစ် ဒုဦးစီးမှူး FDA နေပြည်တော်) ကိုရည်စူး၍ မြန်မာအမျိုးသမီးများ စုပေါင်း၍ အမျှဝေဆုတောင်းပွဲကို ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ဗုဒ္ဓဟူးထောင့်တွင် ပြုလုပ်ခဲ့စဉ်။ ဓာတ်ပုံ-သူရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ။          ။ အသတ်ခံရသည့် FDA ဝန်ထမ်းအမျိုးသမီးနှင့် အသတ်ခံရသည့် တက္ကစီယာဉ်မောင်းတစ်ဦးတို့အတွက် တက္ကစီယာဉ်မောင်းများထံမှ အလှူငွေကောက်ခံသည့် လှုပ်ရှားမှုတစ်ခုကို ရိုးသားကြိုးစားသော တက္ကစီယာဉ်မောင်းများအဖွဲ့မှ ပြုလုပ်သွားရန် စီစဉ်နေသည်။

၎င်းလှုပ်ရှားမှုကို ယခုဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် လှည်းတန်း၊ မြေနီကုန်း၊ တာမွေ၊ သာကတေ၊ သင်္ယန်းကျွန်း၊ စံပြဈေးနှင့် မြောက်ဥက္ကလာအဝိုင်းအနီးတဝိုက်၌ ပြုလုပ်မည်ဖြစ်ပြီး တက္ကစီယာဉ်မောင်းများထံမှ ငွေကျပ်၅၀၀ကို ကောက်ခံသွားမည်ဖြစ်သည်။

FDAမှ ဝန်ထမ်းအမျိုးသမီး အဓ္ဓမပြုကျင့်သတ်ဖြတ်ခံရပြီးနောက်ပိုင်းတွင် ယာဉ်မောင်းများအပေါ် ခရီးသည်များက ကြောက်ရွံ့လာသည်ကို တွေ့နေရသည်ဟု တက္ကစီယာဉ်မောင်း ကိုရန်အောင်ကျော်က ဆိုသည်။

 ၎င်းဖြစ်ရပ်မတိုင်ခင်က အင်းစိန်လမ်းမပေါ်တွင် တက္ကစီယာဉ်မောင်းတစ်ဦး ဓားထိုးခံရကာ သေဆုံးခဲ့ရပြီး ပစ္စည်းများလုယူခံရသည့်အမှုဖြစ်ပွားခဲ့သည်။

"ဒီလိုဖြစ်စဉ်တွေ အမှုနှစ်ခု သုံးခုလောက် တောက်လျောက်ဖြစ်သွားပြီးနောက်ပိုင်းမှာ ခရီးသည်တွေအရမ်းပါးပြီးတော့ တက္ကစီယာဉ်မောင်းတွေအကုန်လုံးဒုက္ခရောက်ကြတယ်ပေါ့နော်။ တက္ကစီယာဉ်မောင်းတွေနောက်ကွယ်မှာလည်း မှီခိုနေတဲ့မိသားစုတွေရှိတာကိုး။  အဲဒီမိသားစုတွေအတွက်ကို တက္ကစီယာဉ်မောင်းတွေမှာလည်း ရိုးသားတဲ့တက္ကစီယာဉ်မောင်းတွေရှိတယ်ဆိုတာကို သိစေချင်လို့ ဒီCampaign(လှုပ်ရှားမှု)လေးကို လုပ်တာပါ"ဟု ရိုးသားကြိုးစားတက္ကစီယာဉ်မောင်းညီအစ်ကိုများအဖွဲ့မှ ကိုရန်အောင်ကျော်က ပြောသည်။

တက္ကစီယာဉ်မောင်းများထံမှ ငွေကျပ်၅၀၀ကို ကောက်ခံရသည်မှာ ၎င်းတို့အတွက် ခရီးသည်များအပေါ် လျော့ပေးခဲ့သည့်ငွေပမာဏဖြစ်သဖြင့် ငွေကျပ်၅၀၀ ပမာဏကို တက်နိုင်မည်ဖြစ်သည်ဟု ကိုရန်အောင်ကျော်က ဆိုသည်။

ထို့အပြင် တက္ကစီလောကကို ပြန်လည်ဦးမော့စေနိုင်ရန်အတွက် ခိုင်မာသည့် တက္ကစီအဖွဲ့အစည်းတစ်ခုဖြစ်ပေါ်လာစေရန် ရည်ရွယ်ထားသည်ဟု ကိုရန်အောင်ကျော်က ပြောသည်။

"ခရီးသည်တွေယုံကြည်လာအောင်တက္ကစီဆရာတွေဘာလုပ်သင့်လဲဆိုတော့ အပြောအဆိုချိုသာရမယ်။ ဝန်ဆောင်မှုကောင်းရမယ် ။ တက္ကစီဆရာတွေအနေနဲ့မိမိရဲ့ခရီးသည်ကို သေသေချချာကြိုးကြိုးစားစားလေး ဝိုင်းဝန်းပြီးလုပ်ဆောင်ကြမယ်ဆိုရင် အခုGrabတို့ Uberတို့ပေးနေတဲ့ ဝန်ဆောင်မှုတွေပေးနိုင်မယ်ဆိုလို့ရှိရင် ခရီးသည်တွေလည်း ပြန်လည်ယုံကြည်လာမယ်။ ကျွန်တော်တို့တက္ကစီလောကကြီးလည်း ကောင်းမွန်လာမယ်လို့ မျှော်လင့်ပါတယ်"ဟု ကိုရန်အောင်ကျော် ကပြောသည်။

လက်ရှိအချိန်တွင် ယင်းလှုပ်ရှားမှုအကြောင်းကို လက်ကမ်းစာဆောင်၆၀၀ ရိုက်နှိပ်ပေးဝေပေးထားသည်ဟု ကိုရန်အောင်ကျော်က ဆိုသည်။ ယခုကဲ့သို့ လှုပ်ရှားမှုပြုလုပ်ရာမှ တက္ကစီယာဉ်မောင်းများတွင် ရိုးသားသူများရှိနေကြောင်း ခရီးသည်များအနေဖြင့် သိရှိနိုင်ပြီး လှုပ်ရှားမှုတွင် ခရီးသည်များကို ပါဝင်ခွင့်ပြုမပြုကို စုပေါင်းတိုင်ပင်ပြီးကြေငြာသွားမည်ဖြစ်သည်။

ဇန်နဝါရီ ၁၄ရက်နေ့ညပိုင်းတွင် အင်းစိန်လမ်းမပေါ်၌ တက္ကစီယာဉ်မောင်း တစ်ဦး ဓားဒဏ်ရာဖြင့်သေဆုံးခဲ့ပြီး FDAဝန်ထမ်းအမျိုးသမီးမှာ ဇန်နဝါရီ ၂၀ရက်နေ့ ညပိုင်းတွင် ဝဲပါး၊ လည်ပင်းဖူးရောင်ညိုမဲ၊ လည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly