ကြည်လင်တောက်ပတဲ့ မျက်နှာလေးဖြစ်ဖို့ အိမ်မှာတင် Face Mask လုပ်ကြမယ်

ကြည်လင်တောက်ပတဲ့ မျက်နှာလေးဖြစ်ဖို့ အိမ်မှာတင် Face Mask လုပ်ကြမယ်

ရေးသားသူ Phyo Pyae Pyae
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

Face Mask က အလှပြင်ပစ္စည်းတွေနဲ့ အသားအရေထိန်းသိမ်းနိုင်တဲ့ ထုတ်ကုန်တွေကြားမှာတော့ တွင်တွင်ကျယ်ကျယ် နေရာယူထားပါတယ်။ Face Mask မှာလည်း မျက်နှာကနေ ခွာချရတဲ့ ကပ်ခွာလိုမျိုး ရှိသလို ပုံမှန်အတိုင်း မျက်နှာသစ်ပေးရတာတွေလည်း ရှိပါသေးတယ်။ Fase Mask အမျိုးအစားတွေမှာ ဝက်ခြံထွက်တဲ့သူတွေအတွက်၊ အဆီပြန်လွယ်တဲ့ အသားအရေအတွက်၊ အသားခြောက်တဲ့သူတွေအပြင် အသားအရေ ကြည်လင်တောက်ပစေဖို့ဆိုပြီး အစရှိသလို ကွဲပြားပါတယ်။ တချို့ကျတော့လည်း ဆိုင်ကနေပဲ Face Mask ဝယ်ပြီး မျက်နှာမှာ ကပ်တာမျိုး ရှိပါတယ်။ ဆိုင်ကရောင်းတဲ့ Face Mask တွေကို မသုံးဘဲ အိမ်မှာတင် ကိုယ်တိုင်လုပ်ပြီး ပေါင်းတင်ချင်တဲ့သူတွေလည်း ရှိမှာပါ။ အိမ်မှာတင် သဘာဝပစ္စည်းတွေနဲ့ ကြေးကျွတ်ပြီး ကြည်လင်တောက်ပတဲ့ မျက်နှာလေးပိုင်ဆိုင်ရဖို့အတွက် နည်းလမ်းကောင်းလေး မျှဝေပေးမယ်နော်။

သံလွင်ဆီ

သံလွင်ဆီက အသားအရေ ကြည်လင်တောက်ပစေဖို့ အများကြီး စွမ်းဆောင်ပေးနိုင်တဲ့ အကျိုးပြု ဆီတစ်မျိုးပါ။ International Olive Council အရ သံလွင်ဆီမှာ ဗီတာမင် A၊ D၊ K နဲ့ E လည်း ပါဝင်တယ်လို့ သိရပါတယ်။ သံလွင်ဆီဟာ အသားအရေထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်တဲ့ အကာအကွယ်ဖြစ်ပြီး စိုစွတ်မှုကိုလည်း ပေးစွမ်းနိုင်တဲ့အပြင် ချောမွေ့ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

ပျားရည်

ပျားရည်ကတော့ အသားအရေကို ကြည်လင်စေတဲ့ အစွမ်းထက် သဘာဝပစ္စည်းတစ်မျိုးပါပဲ။ ပျားရည်က ချွေးပေါက်ပွင့်တွေထဲ အညစ်အကြေးတွေ ပိတ်ဆို့နေတာကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ပျားရည်ကနေ ရရှိတဲ့ အင်ဇိုင်းဓါတ်နဲ့ အာဟာရဓါတ်တွေဟာ အသားအရေကို အားဖြည့်ပေးပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါမှာ ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပြီး အသားအရေကို ကြည်လင်ရှင်းသန့်စေပါတယ်။ မုန့်ဖုတ်ဆိုဒါဟာ အသားအရေတောက်ပဖို့လည်း စွမ်းဆောင်ပေးနိုင်ပါတယ်။

ဒီလိုမျိုး အစွမ်းထက် ပစ္စည်းတွေကို သုံးပြီး အသားအရေကြည်လင်တောက်ပအောင် Face Mask လုပ်တဲ့ နည်းလမ်းလေးကတော့ ပျိုပျိုမေတို့အတွက် လွယ်ကူမှာပါ။ လိုအပ်တာတွေကတော့ ပျားရည်၊ မုန့်ဖုတ်ဆိုဒါ၊ လက်ဖက်စားဇွန်း (၁) ချောင်းနဲ့ အရောအနှောထည့်ဖို့ ပန်းကန်လုံးလေး တစ်လုံးပါပဲ။ ဒီပစ္စည်းလေးတွေ စုံပြီဆိုရင်တော့ စလို့ရပါပြီ။ သံလွင်ဆီသန့်သန့်လေး လက်ဖက်စားဇွန်း (၁) ဇွန်းကို ပန်းကန်လုံးထဲ ထည့်ပါ။ နောက်တော့ ပျားရည် လက်ဖက်စားဇွန်းတဝက်ကို ထပ်ရောပါ။ ပြီးရင်တော့ မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်း (၁) ဇွန်းကိုပါ ရောထည့်ပြီး မွှေလိုက်ပါ။ နောက်တော့ မျက်နှာမှာ အရမ်းခြောက်နေရင်တော့ ရေလေးနည်းနည်းစိုသွားအောင် လုပ်ပါ။ ပြီးမှ အရောကို လိမ်းပါ။ (၁၀) မိနစ်လောက် ထားပြီးရင်တော့ ရေနွေးလေးနဲ့ မျက်နှာသစ်နိုင်ပါတယ်။ အကယ်လို့ မျက်နှာသစ်ပြီးမှ အဆီတွေရှိသလိုမျိုး ခံစားနေရရင်တော့ တိုနာ ဒါမှမဟုတ် အစိုဓါတ်ဖြည့်ခရင်မ်လေး သုံးနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly