ကျန်းမာချင်ရင် ငါးစားပေးပါ

ကျန်းမာချင်ရင် ငါးစားပေးပါ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

လူတော်တေ်ာများများက ငါးစားရင်အရိုးစူးမှာကိုတွေးကြောက်ပြီး ငါးမစားကြပါဘူး။ ငါးက ကြက်သားတွေ၊အမဲသားတွေလိုမျိုး စားရတာအရမ်းကြီး အဆင်မပြေပေမယ့် ခန္ဓာကိုယ်အတွက်ကတော့ တော်တေ်ာလေး အကျိုးရှိပါတယ်။ အခုတစ်ခေါက် ငါးစားရင် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်လဲဆိုတာကို ပြောပြပေးပါရစေ။

ဘာကြောင့်ငါး စားသင့်တာလဲ

ငါးမှာ ကယ်လ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်းပါဝင်မှုများတာကြောင့် ဦးနှောက်အတွက် အကျိုးပြုပါတယ်။ ငါးမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့ omega-3 fatty acid လည်းပါဝင်ပါတယ်။ လူရဲ့ခန္ဓယကိုယ်က omega-3 fatty acid ကိုမထုတ်လုပ်နိုင်ပါဘူး။ လေ့လာမှုတွအရ omega-3 fatty acid  က နှလုံးကိုကျန်းမာစေနိုင်သလို ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်းအရေးပါပါတယ်။ ငါးကိုမကြိုက်ဘူး ဆိုရင်တောင်မှ ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက် တစ်ပတ်ကို တစ်ကြိမ် နှစ်ကြိမ်လောက်တော့ ငါးစားပေးသင့်ပါတယ်။
ငါးစားရင် ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ

နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးတယ်

လေ့လာမှုတွေအရ တစ်ပတ်ကိုတစ်ကြိမ်ပုံမှန် ငါးစားသုံးတဲ့သူတွေက ပုံမှန်ထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းနည်းနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ ငါးလုံးဝမစားသူတွေက ရံဖန်ရံခါ ငါးစားသူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းခန့်ပိုများနေတတ်တယ်လို့လည်း သိရပါတယ်။ ငါးမှာပါတဲ့ omega-3 fatty acid က နှလုံးရောဂါခံစားရနိုင်ခြေကို ကျဆင်းစေတာပါ။

Alzheimer’s ဖြစ်နိုင်ခြေကို နည်းပါးစေတယ်

တစ်ပတ်မှာ တစ်ကြိမ်လောက် ငါးစားသုံးပေးမယ်ဆိုရင် ဦးနှောက်နဲ့မှတ်ဉာဏ်စွမ်းရည်ကိုကောင်းမွန်စေနိုင်ပါတယ်။ ငါးကို ကြော်စားတာထက် ဟင်းချက်စားတာ၊ ပေါင်းစားတာက ကျန်းမာရေးနဲ့ပိုသင့်တော်ပါတယ်။ ငါးက ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေနိုင်ပါတယ်။ မှတ်ဉာဏ်ကောင်းပြီး သင်ယူမှုအားကောင်းချင်သူတေါအတွက် ငါးက အသင့်တော်ဆုံးအစားအစာပါ။

အရေပြားနဲ့ဆံသားကိုကျန်းမာစေနိုင်တယ်

အရေပြားနဲ့ဆံသားကျန်းမာစေဖို့အတွက် ခန္ဓာကိုယ်မှာ ကျန်းမာတဲ့ အဆီပြည့်ဝနေဖို့လိုပါမယ်။ အဆီပြည့်ဝနေမှ အသားအရေက မွဲခြောက်မှုကင်းစင်မှာပါ။ ငါးမှာပါတဲ့ omega-3 က ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဖြစ်တာကြောင့် စားသုံးဖို့သင့်တော်ပါတယ်။ ဒါတင်မကသေးပါဘူး၊ omega-3 ကအသားအရေကို အားဖြည့်ပေးသလို ဆံသားကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။

စိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေတယ်

လေ့လာမှုတွေအရ ငါးမှာပါတဲ့ omega-3 ကစိတ်ဖိစီးမှုကို လျော့ပါးသက်သာစေနိုင်တယ်လို့သိရပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့ တစ်နေ့ကို  omega-3  ၃၀၀ မီလီဂရမ်စားသုံးပေးမယ်ဆိုရင် ကိုယ်ဝန်ဆောင်ကာလအတွင်းခံစားရနိုင်တဲ့ စိတ်ကျရောဂါကို သက်သာစေနိုင်တယ်ဆိုပါတယ်။

ဦးနှောက်ဖွံ့ဖြိုးမှုကို တိုးတက်စေတယ်

ဆယ်လ်မွန်ငါးမှာပါတဲ့ EFA omega-3 နဲ့ ငါးကနေရရှိနိုင်တဲ့ အခြားအာဟာရဓာတ်တွေက ကလေးငယ်ရဲ့ ဥိးနှောက်ဖွံ့ဖြိုးမှုကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ omega-3 စားသုံးပေးတာက ကလေးငယ်တွေမှာ ADHD ရောဂါလက္ခဏာတွေမဖြစ်အောင် လုပ်ဆောင် ပေးနိုင်တယ်၊လို့ ကျွမ်းကျင်သူတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

နာတာရှည်ဝေဒနာတွေမဖြစ်အောင်ကာကွယ်ပေးတယ်

ငါးစားသုံးပေးမယ်ဆိုရင် အမျိုးအစား- ၁ ဆီးချိုရောဂါလိုမျိုး နာတာရှည်ဝေဒနာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ omega-3 က ကလေးငယ်လေးတွေမှာလည်း အမျိုးအစား-၁ ဆီးချိုရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်သလို လေးဖက်နာဝေဒနာနဲ့ အာရုံကြောထိခိုက်ပျက်ယွင်းတဲ့ ဝေဒနာတွေခံစားရနိုင်ခြေကိုလည်းလျော့ကျစေနိုင်ပါတယ်။

ကလေးငယ်တွေမှာ ပန်းနာရင်ကျပ်မဖြစ်အောင်ကာကွယ်ပေးတယ်

ပန်းနာရင်ကျပ်ရောဂါဆိုတာက နာတာရှည်လေပြွန်ရောင်ရမ်းနေတဲ့အနေအထားတစ်ရပ်ပါ။ အခုနောက်ပိုင်း ပန်းနာရင်ကျပ်ရောဂါ ခံစားရသူအရေအတွက်က တော်တေ်ာလေးတိုးလာနေပါတယ်။ လေ့လာမှုတွေအရ ငါးပုံမှန်စားသုံးပေးတဲ့ ကလေးငယ်တွေမှာ ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေက ပုံမှန်ထက် ၂၄ ရာခိုင်နှုန်းပိုနည်းတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ကလေးငယ်လေးတွေမှာ ငါးများများစားလေလေ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေနည်းလေလေပါ။

အမြင်အာရုံကောင်းမွန်စေတယ်

လူကြီးတွေမှာဖြစ်တဲ့ macular degeneration (မြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း) က အမြင်အာရုံထိခိုက်ဆုံးရှုံးရတဲ့ အဓိကအကြောင်းအရင်းပါ။ အသက်အရွယ်ရလာတာနဲ့အမျှ အမြင်အာရုံက တဖြည်းဖြည်း အားနည်းလာပါတယ်။ ငါးမှာပါတဲ့ omega-3 fatty acid က မြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ငါးပုံမှန်စားသုံးပေးမယ်ဆိုရင် အမျိုးသမီးတွေမှာ အမြင်အာရုံထိခိုက်တာကို ၄၂ ရာခိုင်နှုန်းအထိကျဆင်းစေနိုင်သလို အမြင်အာရုံဆိုင်ရာကြွက်သားတွေထိခိုက်နိုင်ခြေကိုလည်း ၅၃ ရာခိုင်နှုန်းအထိကျဆင်းစေနိုင်ပါတယ်။ လူကြီးတွေမှာ အမြင်အာရုံထိခိုက်တာမဖြစ်စေဖို့  တစပတ်တစ်ကြိမ်လောက် ငါးကျွေးပေးပါ။

ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်

အခုခေတ်မှာ ညအိပ်မပျော်ရတဲ့အကြောင်းအရင်းတွေကတော်တေ်ာလေးများလာပါတယ်။ ညဘက်အိပ်မပျော်တာက အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် D နည်းရင်လည်း အိပ်မပျော်တာဖြစ်နိုင်ပါတယ်။ တစ်ပတ်မှာ ဆယ်လ်မွန်ငါး ၃ ကြိမ်ထက်ပိုစားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် D ကိုရရှိမှာဖြစ်ပါတယ်။

လေဖြတ်နိုင်ခြေကို လျော့နည်းစေတယ်

ငါးစားတာက လေဖြတ်နိုင်ခြေကို ကျဆင်းစေပြီး ဦးနှောက်ကိုကျန်းမာစေနိုင်ပါတယ်။ ငါးမှာပါတဲ့ omega-3 fatty acid က လေဖြတ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။

အခုလောက်ဆိုရင် ငါးစားတာက ခန္ဓာကိုယ်ကို ကျန်းမာစေတယ်၊လို့ဘာကြောင့်ပြောရတာလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly