ကျောက်ဖြူမြို့နယ်တွင် လျှပ်စစ်မီး မရရှိသည့် ကျေးရွာများ လျှပ်စစ်မီးရရှိရေး လူထု ၅၀၀ ကျော် ဆွေးနွေးမည်

ကျောက်ဖြူမြို့နယ်တွင် လျှပ်စစ်မီး မရရှိသည့် ကျေးရွာများ လျှပ်စစ်မီးရရှိရေး လူထု ၅၀၀ ကျော် ဆွေးနွေးမည်

သဘာဝဓါတ်ငွေ့ ထွက်ရှိသော ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် လျှပ်စစ်မီးမရရှိသည့် ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် အောက်တိုဘာလ နောက်ဆုံးအပတ်တွင် ကျွန်းစုသုံးခုက ကိုယ်စားလှယ် ၅၀၀ ကျော် ဆွေးနွေးအဖြေရှာမည်ဟု သိရသည်။

ယင်းဆွေးနွေးပွဲတွင် ရမ်းဗြဲကျွန်း၊ မြို့ချောင်းကျွန်းနှင့် မရဇိုင်းကျွန်းတို့က ဒေသခံ ကိုယ်စားလှယ်များက အချက် သုံးချက်ကို အဓိကထား ဆွေးနွေးမည်ဖြစ်ပြီး၊ ရလာသည့် ဆုံးဖြတ်ချက်များကို ပြည်နယ်အစိုးရအဖွဲ့ထံ တောင်းဆိုသွားမည်ဟု ကျောက်ဖြူလူမှုကွန်ယက်က ဦးထွန်းလွင်က ပြောကြားသည်။

“လျှပ်စစ်မီး ဖြတ်သန်းသွားပြီးတော့ လျှပ်စစ်မီး မရရှိတဲ့ ရွာတွေပါမယ်။ အဲဒီရွာတွေရဲ့ လျှပ်စစ်မီး ရရှိရေးတွေ ပါမယ်။ နောက်တစ်ခုက ကျောက်ဖြူ အထူးစီးပွားရေးဇုန် လမ်းတစ်လျှောက်မှာ ပါသွားတဲ့ လယ်ယာမြေပြဿနာတွေပါမယ်။ လျှပ်စစ်မီးရရှိရေးနဲ့ လယ်ယာပြဿနာပါမယ်။ နောက်တစ်ခုက ကျောက်မီးသွေး သန့်စင်စက်ရုံ ဓါတ်အားပေးစက်ရုံကိစ္စပါမယ်။ ” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် လျှပ်စစ်မီးရရှိသည့် ကျေးရွာ ၂၄ ရွာရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့က ပြောဆိုထားသည်။ သို့သော် အမှန်တကယ် ၂၁ ရွာသာ လျှပ်စစ်မီးရရှိပြီး ကျောက်ဖြူ-ရမ်းဗြဲမြို့ကြား ကားလမ်းတစ်လျှောက်တွင် လျှပ်စစ်မီးမရရှိသည့် ကျေးရွာ ၁၀၀ ကျော်ရှိကြောင်း ဦးထွန်းလွင်က ဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် ပြည်နယ်အစိုးရက ဒေသခံများထံ လာရောက်သတင်းပါးထားကာ စီမံကိန်း ဖြစ်မြောက်ရေးအတွက် လာရောက်စည်းရုံးမှုများရှိနေသည်ဟု ဆိုသည်။ ဒေသခံများကမူ ဒေသခံများက လက်မခံကြောင်း ကန့်ကွက်ထားကြသည်။

အစိုးရဘက်ကမူ သဘောတူသူများကို လက်မှတ်ထိုးခိုင်းခြင်းများ ဆောင်ရွက်နေသောကြောင့် ဒေသခံများကြားတွင် အပြန်အလှန်ဆွေးနွေးပြီး သဘောတူညီချက် ရယူရန် ဆွေးနွေးမည်ဖြစ်သည်။

ကျောက်ဖြူ-ရမ်းဗြဲသို့ လျှပ်စစ်ဓါတ်အားလိုင်း သွားတန်းထားသော်လည်း ကြားထဲရှိ ကျေးရွာများမှာ လျှပ်စစ်မရရှိဘဲ ရှိနေကြောင်း၊ အထူးသဖြင့် ကျောက်ဖြူမြို့နယ်၏ ကျေးရွာအကြီးအဆုံးဖြစ်သော၊ စည်းကားသော ဇင်ချောင်းကျေးရွာတွင် လျှပ်စစ်မီးမရရှိသေးသည့်အတွက် အားလုံး လျှပ်စစ်မီးရရှိနိုင်အောင် ဆွေးနွေးအဖြေရှာမည်ဟု ဦးထွန်းလွင်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly