ဒုရဲအုပ် တင်ထွေးဦး ထွက်ဆိုချက်မှာ တစ်စုံတစ်ယောက်ခိုင်းစေမှုကြောင့် ထွက်ဆိုသည့် ပုံစံဖြစ်နေဟု ပြော

ဒုရဲအုပ် တင်ထွေးဦး ထွက်ဆိုချက်မှာ တစ်စုံတစ်ယောက်ခိုင်းစေမှုကြောင့် ထွက်ဆိုသည့် ပုံစံဖြစ်နေဟု ပြော
ဓာတ်ပုံ -  ရဲနိုင်(လောက်ကိုင်)

 

ရန်ကုန်၊ ဖေဖော်ဝါရီလ ၆ ။           ။ ရိုက်တာသတင်းဌာနမှ သတင်းထောက် ၂ ဦးအမှုနှင့် ပတ်သက်ပြီး သက်သေခံပစ္စည်းရှာဖွေရာတွင်ပါဝင်သူ ဒုရဲအုပ် တင်ထွေးဦး တရားခွင်တွင် ထွက်ဆိုချက်များမှာ တစ်စုံတစ်ယောက်ခိုင်းစေမှုကြောင့် ထွက်ဆိုသည့် ပုံစံဖြစ်နေကြောင်း သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က   ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ရိုက်တာသတင်းထောက် ၂ ဦးကို ၄ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး သက်သေခံပစ္စည်းရှာဖွေရာတွင် ပါဝင်သူ   ထောက်ကြံ့နယ်   မြေရဲစခန်းမှ ဒုရဲအုပ် တင်ထွေးဦးကို တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“ ရှာဖွေတဲ့နေရာမှာပါတဲ့ ဒုရဲအုပ်တင်ထွေးဦးကို ကျွန်တော်တို့ စစ်တယ်။ အဲ့ဒီမှာ အရေးကြီးတဲ့ အချက်နှစ်ချက် ကျွန်တော်တို့ တွေ့တယ်။ အဲ့ဒါဘာလဲဆိုတော့ နံပါတ်တစ်တစ်ချက်သည် သတင်းထောက်တွေ ဖမ်းမိမိချင်း သူ့ ရဲ့ ရဲမှတ်တမ်းပေါ့နော်။ ဘာတွေဘာတွေ ဘယ်လိုဖြစ်တယ်ဆိုတဲ့ မှတ်တမ်းစာရွက်ကို သူကိုယ်တိုင်မီးရှို့ လိုက်တယ်။ ဒါအရေးကြီးတဲ့ တစ်ချက်ပါ။   နောက်တစ်ချက်က ဘာလဲဆိုတော့ ဒီရုံးမှာ သူသက်သေလာ မထွက်ခင် ပြောဆိုရမယ့် အကြောင်းအရာတွေကို ဒိုင်ယာရီကို ကြည့်ပြီးတော့ တောက်လျှောက် ထွက်ဆို သွားတယ်။ ထွက်ဆိုသွားတဲ့ အကြောင်းအရာတွေကလည်း မနေ့က သို့မဟုတ် ဒီနေ့မှ ကူးရေးလာတဲ့အကြောင်း အရာတွေဖြစ်တယ်။ အဲ့တော့ တစ်စုံတစ်ယောက်က ဒီလိုပြောပါ၊ ထွက်ပါ ဆိုပြီးတော့ ပြောဆိုလို့ တရားရုံးမှာ လာပြီးတော့ထွက်ရတဲ့ ပုံစံဖြစ်နေတယ်။ သတင်းထောက်တွေကို ဖမ်းဆီးတဲ့ပုံစံနဲ့ သူထွက်ဆိုသွားတဲ့ ပုံစံနဲ့ ကွဲလွဲမှုတွေရှိနေတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်ကပြောသည်။

ဖမ်းဆီးခံသတင်းထောက်နှစ်ဦးပြောပြချက်မှာ ၎င်းတို့နှစ်ဦးအား ရှာဖွေပုံစံဖြည့်သွင်းခြင်းကို ထောက်ကြံ့နယ် မြေရဲစခန်းတွင် ပြုလုပ်ခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း တရားလိုပြသက်သေ ဒုရဲအုပ်တင်ထွေးဦးက ဖမ်းဆီး သည့်နေရာတွင် ရှာဖွေပုံစုံနှင့် ရဲလုပ်ငန်းအား လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်။ “

 ရဲလုပ်ငန်းနဲ့ ရှာဖွေပုံစံဖြည့်တာတွေ၊ ဘာတွေအားလုံးကို သူလုပ်တာ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက်ပဲ ကြာတယ်လို့ ပြောတယ်။ ဒါပေမယ့် အဲ့ဒီမှာ သတင်းထောက်နှစ်ယောက်စီက ရှာဖွေတဲ့ သက်သေပစ္စည်း တွေအားလုံးသည် စုစုပေါင်း ၂ဝ လောက်ရှိတယ်။ အဲ့ဒီ တစ်ခုချင်းစီကိုပဲ မှတ်တမ်းတင်မယ်ဆိုရင်ပဲ တစ်မိနစ်စီ နဲ့ဆိုရင် မိနစ်နှစ်ဆယ်မကဘူး။ အဲ့တော့ ဒီဟာတွေက ယုတ္တိမတန်တဲ့ ထွက်ဆိုချက်တွေဖြစ်တယ်” ဦးသန်း ဇော်အောင်ကပြောသည်။

ရိုက်တာသတင်းထောက်နှစ်ဦးအား သက်သေခံအဖြစ် လက်မှတ်မထိုးပါက ပုဒ်မများထပ်တိုး စွဲဆိုသွား မည်ဟု ခြိမ်းခြောက်ခံခဲ့ရသည်ဟု သတင်းထောက်နှစ်ဦး၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး ထိုသို့ ပြုလုပ်ခဲ့ခြင်းရှိ၊ မရှိ တရားခွင်တွင် ဒုရဲအုပ် တင်ထွေးဦးအား စွပ်စွဲခံရသူ ရှေ့နေက မေးမြန်းခဲ့ရာ ထိုသို့ လုပ်ဆောင်ခဲ့ခြင်းမရှိဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူ သတင်းထောက် ကိုဝလုံးက “ ရဲတပ်ဖွဲ့ကနေပြီးတော့ မှန်မှန်ကန်ကန်စစ်ဆေးပြီး ရုံးတော်တင်ပြတာမရှိဘူးလို့ ကျွန်တော်တို့ခံစားရတယ်။ ရုံးတော်မှာ ထွက်ဆိုတဲ့ ဟာတွေကလည်း အမှန်တရားနဲ့ ဝေးကွာနေတယ်လို့ ကျွန်တော်ယူဆတယ်။ ကျွန် တော်တို့ ဒီ.. ဘယ်သူနဲ့မှ ပြဿနာဖြစ်တာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ သတင်းသမားကျင့်ဝတ်နဲ့ပဲ ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ကို စစ်ဆေးပြီးတော့ ရုံးတော်မှာလာပြီးတော့ တင်တဲ့ဟာတွေကလေ။ ကျွန်တော်တို့ကို တရားစွဲလို့ရအောင် တင်တာတွေပဲဖြစ်တယ်။ အစိုးရက ဥပဒေအတိုင်းဆောင် ရွက်မယ် ဆိုပြီးတော့ တကယ်တမ်းစစ်ဆေးကျွန်တော်တို့ ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှ ရုံးတော်မှာ တင်ပြလာတာမရှိဘူး ”ဟု ယနေ့ ရုံးထုတ်တွင် ပြောသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ခရိုင်တရားရုံးက လာမည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့အား ထပ်မံချိန်းဆိုလိုက်ကာ အဆိုပါ ရုံးချိန်းတွင် တရားလိုပြသက်သေတစ်ဦး ထပ်မံစစ်ဆေးသွားမည်ဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး စစ်ဆေးရန် တရားလိုပြသက်သေ ၂၅ ဦးထိရှိပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက် နေ့က စစ်ဆေးခဲ့သော တရားလို ဒုတိယရဲမှူးကြီးယုနိုင်မှာ ပထမဆုံး လိုပြသက်သေဖြစ်သည်။

ရိုက်တာသတင်းဌာနမှ ကိုဝလုံး(ခ)ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး(ခ)ကိုမိုးအောင်တို့ကို မောင်တောမြို့နယ် လုံခြုံရေးရဲတပ်ဖွဲ့ အစီရင်ခံစာမိတ္တူတချို့တွေ့ရှိခဲ့ခြင်းကြောင့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်၊ ည ၉ နာရီခန့် အချိန်တွင် အစိုးရလိျှု့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ- ၃ ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပုဒ်မဖြင့် ခရိုင်တရား ရုံးတွင် တရားစွဲတင်ကာ စတင်စစ်ဆေးနေခြင်းဖြစ်သည်။

ယင်းလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ- ၃ သည် ထောင်ဒဏ် ၁၄နှစ် အထိ ချမှတ်နိုင်သော ဥပဒေပုဒ်မဖြစ်သည်။ သတင်းထောက် ၂ ဦးအား အဆိုပါ စာရွက်စာတမ်းများကို လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ရဲတပ် ကြပ်ကြီး ခင်မောင်လင်းတို့ ၂ ဦးက ပေးအပ်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly