မျက်နှာသစ် လူငယ် ၄ ဦးရဲ့ ကိုယ်တိုင်ရေး၊ကိုယ်တိုင်ဆို ရော့ခ်တေးအယ်လ်ဘမ်

မျက်နှာသစ် လူငယ် ၄ ဦးရဲ့ ကိုယ်တိုင်ရေး၊ကိုယ်တိုင်ဆို ရော့ခ်တေးအယ်လ်ဘမ်

ရန်ကုန် ဖေဖော်ဝါရီ ၆ ။          ။ မျက်နှာသစ် လူငယ် ၄ ဦး စုပေါင်းပြီး The Escape လို့ အမည်ပေးထားတဲ့ ရော့ခ်တေးအယ်လ်ဘမ် တစ်ချပ်ကို ဒီကနေ့ မိတ်ဆက်ခဲ့ပါတယ်။

ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုထားကြတယ်ဆိုတဲ့ ဒီတေးအယ်လ်ဘမ်မှာ Rock သီချင်းအပြင်းစားတွေ၊ မော်ဒန်ရော့ခ်၊ Slow Rock သီချင်းအချိုတွေပါဝင်ပြီး ဟန်သစ်ထူးမိုး၊ ဒံပေါက်၊ အားနော်နှင့် ရဲထွန်းနောင် ဆိုတဲ့ လူငယ်တွေ ပါဝင်သီဆိုထားကြပါတယ်။

" ဒီထဲမှာ ကျွန်တော့်သီချင်း ၃ ပုဒ် ပါပါတယ်၊ တစ်ပုဒ်က ငါတစ်ယောက်တည်းနဲ့ဆိုတဲ့သီချင်းပါ၊ ဒီသီချင်းက Slow Rock ပေါ့၊ အသည်းကွဲသီချင်းလို့လည်း ပြောလို့ရပါတယ်၊ နောက်ပြီး “ ငါ့ မိတ္တူများ ” ဆိုတဲ့သီချင်းက မော်ဒန်ရော့ခ်ပုံစံမျိုးပေါ့၊ သီချင်းရဲ့အဓိပ္ပါယ်က ဘဝမှာ အခက်အခဲတွေ စိတ်ဓါတ် ကျတာတွေ ရုန်းမထွက်နိုင်တဲ့ အခြေ အနေတစ်ခုကို ပုံဖော်ထားတယ်" လို့ ဒီတေးစီးရီးမှာ သီချင်း ၃ ပုဒ် ကိုယ်တိုင်ရေးသားသီဆိုထားတဲ့ အားနော်က ပြောပါတယ်။

လူငယ်အဆိုတော် ၄ ဦး သီဆိုထားတဲ့ ဒီတေးစီးရီးသစ်မိတ်ဆက်ပွဲကို ဒီကနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ Orchid ဟိုတယ်မှာ ပြုလုပ်ခဲ့တာပါ။

ဒီတေးစီးရီးထဲမှာ အချစ်သီချင်းတွေအပြင် ဘဝ နဲ့သက်ဆိုင်တဲ့ လေးနက်တဲ့သီချင်းတွေလည်း ပါဝင်တယ်လို့လည်း သိရပါတယ်။

" ကျွန်တော်တို့က လူငယ်အသစ်တွေပေါ့၊ အခု အချိန်မှာ ပြိုင်ပွဲတွေလည်း အများကြီးရှိတယ်၊ လက် ရှိ ပေါက်နေတဲ့အဆိုတော်ကြီးတွေလည်း အများကြီးပါ၊ ကျွန်တော်တို့ ဖြတ်သန်းတဲ့ အလျောက်၊ သိသလောက် တတ်သလောက်လေး ဖန်တီးထားတယ်ပေါ့၊ ကျွန်တော်တို့ကို နားထောင် လို့အဆင်ပြေရင် အားပေးပါဦး" လို့ ရဲထွန်းနောင်က ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags