နည်းပညာက ခြိမ်းခြောက်နေသည့် အလုပ်အကိုင်များ

နည်းပညာက ခြိမ်းခြောက်နေသည့် အလုပ်အကိုင်များ

သြဂုတ် - ၂၄ ။         ။ သမိုင်းတစ်ပတ်ပြန်ကျော့လာမည်ဆိုလျှင် ကျွန်ုပ်တို့အများကြီးအနေဖြင့် နည်းပညာက ကျွန်ုပ်တို့၏ အလုပ်များကို ဖျက်စီးပစ်မည်ကို စိုးရိမ်စရာမလိုပါ။

ယခုရက်သတ္တပတ်တွင် ထုတ်ပြန်လိုက်သည့် သုတေသနအသစ်တစ်ရပ်အရ နှစ်ပေါင်း ၁၅၀တိုင်အောင်ပင် ကွန်ပျူတာများ၊ စက်ယန္တရားများနှင့် စက်ရုပ်များမှာ အလုပ်အခွင့်အလမ်းများကို ဖျက်စီးပစ်သည် ထက် ဖန်တီးပေးသည်က ပိုများခဲ့ပါသည်။

Deloitte မှ စီးပွားရေးပညာရှင်များက အင်္ဂလန်နှင့် ဝေးတွင် ၁၈၇၁နောက်ပိုင်း ဆယ်စုနှစ်တိုင်း၌ အလုပ်အခွင့်အလမ်းမှတ်တမ်းများကို လေ့လာခဲ့ကြသလို၊ ၁၉၉၂မှ စတင်သည့် အလုပ်သမားရေးရာ အချက်အလက်များကိုလည်း စေ့ငုဆင်ခြင်ခဲ့ကြသည်။

သုတေသီများဖြစ်ကြသည့် အီရန် စတီးဝပ်၊ ဒီဘာပရာတင် ဒီနှင့် အဲလက်ဇ် ကိုးတို့၏ လေ့လာတွေ့ရှိချက်အရ အများစုမှာ နည်းပညာဖြင့် အလွယ်တကူအစားထိုးနိုင်သောကြောင့် တစ်ပုံစံတည်းသော နိစ္စဓူဝလုပ်ငန်းစဉ်လိုအပ်သည့် အလုပ်များများမှာ ဆုတ်ယုတ်ကဆင်းသွားသည်ဟု ဆိုသည်။

ထိုအလုပ်များထဲတွင်
 
- ဖိနပ်နှင့် သားရေလုပ်ငန်းသည် ၁၉၉၂နောက်ပိုင်းတွင် ၈၂ရာခိုင်နှုန်း လျော့နည်းကျဆင်းသွားသည ်။

- ရက်ကန်းနှင့် ဇာပန်းထိုးပန်းထိုး(၇၉ရာခိုင်နှုန်း ကျဆင်းသွားသည်။)

- သတ္တု သွန်းလုပ်မှုလုပ်ငန်းအော်ပရေတာများ (၇၀ရာခိုင်နှုန်း ကျဆင်းသွားသည်)

- စာစီစာရိုက်နှင့် ကီးဘုတ်ဆက်စပ် အလုပ်အကိုင်များ (၅၇ရာခိုင်နှုန်း ကျဆင်းသွားသည်)

- အတွင်းရေးမှူးများ (၅၂ရာခိုင်နှုန်း ကျဆင်းသွားသည်။)

- စွမ်းအင်ထုတ်စက်ရုံအလုပ်သမားများ (၅၁ရာခိုင်နှုန်း ကျဆင်းသွားသည်။ )

- လယ်ယာလုပ်သားများ (၅၁ရာခိုင်နှုန်း ကျဆင်းသွားသည်။)

- သတ္တုစက်ယန္တရား ဆင်သူများနှင့် မောင်းသူများ (၄၄ရာခိုင်နှုန်း ကျဆင်းသွားသည်။)

သို့သော်လည်း တစ်ဖက်တွင်မူ နိစ္စဓူဝတစ်ပုံစံတည်းမဟုတ်သည့် အလုပ်များမှာ ပေါက်ကွဲဖွဲ့ဖြိုးလာနေသည်။

တစ်ပုံစံတည်းမဟုတ်သော ဉာဏ်ဆင်ခြင်တုံတရားဖြင့် လုပ်ရသည့် လုပ်ငန်းများအတွင် နည်းပညာမှာ မြင့်မားစွာအထောက်အကူပြုသော်လည်း အိမ်ထိန်းအလုပ်သမားများ လုပ်ဆောင်ရသည့် အလုပ်ကဲ့သို့သော နိစ္စဓူဝမဟုတ်သည့် လူ့လက်ဖြင့်လုပ်ကိုင်ရသော လုပ်ငန်းစဉ်များတွင်မူ နည်းပညာကို အသုံးပြုရန် အခွင့်အလမ်း နည်းပါးနေပါသေးသည်။

သီးခြားသုတေသနတစ်ရပ်အရ ၁၉၉၂ခုနှစ်နောက်ပိုင်းတွင် သူနာပြုလုပ်ငန်းမှာ ၉၀၉ရာခိုင်နှုန်းအထိ ထိုးတက်မြင့်မားလာခဲ့ပြီး သင်ကြားမှုအလုပ်ကလည်း ၅၈၀ရာခိုင်နှုန်းအထိ ဖောင်းကားကြီးထွားလာခဲ့ပါသည်။ နည်းပညာကျေးဇူးကြောင့် သိသိသာသာ ကြီးထွားဖွံ့ဖြိုးလာသည့် အလုပ်အကိုင်များမှာ

-စီမံခန့်ခွဲမှု အကြံပေးနှင့် စီးပွားရေး ဝေဖန်သုံးသပ်သူ (၃၆၅ရာခိုင်နှုန်း ကြီးထွားဖွံ့ဖြိုးလာခဲ့သည်)

-အိုင်တီမန်နေဂျာ (၁၉၅ရာခိုင်နှုန်း ကြီးထွားလာခဲ့သည်။)

-လူမှုဖူလုံရေး၊ အိမ်ယာ၊ လူငယ်နှင့် လူမှုရေးလုပ်သားများ (၁၈၃ရာခိုင်နှုန်း ကြီးထွားလာခဲ့သည်။)

-ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်သားများနှင့် အိမ်ထိန်းများ(၁၆၈ရာခိုင်နှုန်း ကြီးထွားလာခဲ့သည်။)

-သရုပ်ဆောင်များ၊ ကခြေသည်များ၊ ဖျော်ဖြေတင်ဆက်သူများ၊ ထုတ်လုပ်သူများနှင့် ဒါရိုက်တာများ (၁၅၆ရာခိုင်နှုန်း ကြီးထွားလာခဲ့သည်။)

-ဘဏ္ဍာရေးမန်နေဂျာများ (၁၃၂ရာခိုင်နှုန်း ကြီးထွားလာခဲ့သည်။ )

Deloitte သုတေသီများမှာ အနာဂတ်တွင် မည်သို့သောအလုပ်အကိုင်များ ပေါ်ထွက်လာမည်ကို မခန့်မှန်းနိုင်ကြသော်လည်း လိုအပ်ချက်မြင့်မားသည့် အလုပ်တာဝန်များက လူမှုဆက်ဆံရေး၊ ကိုယ်ချင်းစာနာစိတ်နှင့် ဖမ်းတီးမှုစွမ်းရည်ကို ပိုမိုတောင်းဆိုလာဖွယ်ရှိသည်ဟု ဆိုပါသည်။

‘စက်ယန္တရားတွေက အင်အားစိုက်ထုတ်ပြီး ထပ်ခါတလဲလဲလုပ်ရတဲ့ အလုပ်တာဝန်တွေကို ယူလာလိမ့်မယ်။ ဒါပေမယ့်လည်း အတိတ်အချိန်ကထက်ပိုပြီး လူ့လုပ်အားလိုအပ်ချက်ကို လုံးဝပယ်ဖျက်ပစ် ဖို့တော့ နီးစပ်သေးပုံမရပါဘူး။ နောက်ဆုံး နှစ်ပေါင်း ၁၅၀အတွင်းမှာ ဖြစ်ခဲ့သလိုပဲ အလုပ်တွေကို ဖန်လည်းဖန်တီး၊ မြှင့်လည်းမြှင့်တင်၊ ဖျက်လည်းဖျက်စီးနေဦးမှာပါပဲ’’ဟု သုတေသီများကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly