မွန်ပြည်သစ်ပါတီနှင့် လားဟူအဖွဲ့ ဖေဖော်ဝါရီ ၁၃တွင် NCA လက်မှတ်ရေးထိုးမည်

မွန်ပြည်သစ်ပါတီနှင့် လားဟူအဖွဲ့ ဖေဖော်ဝါရီ ၁၃တွင် NCA လက်မှတ်ရေးထိုးမည်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၅ရက်၊ ၂၀၁၈ခုနှစ်)။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့က လာမည့် ဖေဖော်ဝါရီ ၁၃ရက်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ယနေ့ညဦးပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။

NCA လက်မှတ်ရေးထိုးပွဲကို နေပြည်တော် MICC-2 တွင် ကျင်းပသွားမည်ဖြစ်ပြီး နေ့လည် ၁၂နာရီတွင် အခမ်းအနားစတင်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာများကို ဖိတ်ကြားထားသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက “NLD အစိုးရ လက်ထက်မှာ NCA လမ်းကြောင်းနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ ပထမဆုံး လျှောက်လှမ်းလာတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ NCA လက်မှတ် မရေးထိုးရသေးဘဲ ကျန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကိုလည်း NCA လက်မှတ်ရေးထိုးနိုင်ဖို့၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လာဖို့ ဆက်လက်ပြီး ကြိုးပမ်းနေတယ်” ဟု ပြောကြားခဲ့ကြောင်း အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် ဇန်နဝါရီ ၂၃ရက်က သီးခြားစီ တွေ့ဆုံပြီးနောက် NCA လက်မှတ်ရေးထိုးမည်ဟု ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

NMSP နဲ့ LDU သည် လက်ရှိအစိုးရလက်ထက်အတွင်း ပထမဆုံးအကြိမ်အဖြစ် NCA လက်မှတ် ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်လာမည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈)ဖွဲ့က NCA လက်မှတ် ရေးထိုးပြီးသည့်နောက် လက်မှတ်ရေးထိုးသည့် အဖွဲ့အစည်းများ နောက်ထပ် တိုးမလာသေးခြင်းကြောင့် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags