‘ရိုဟင်ဂျာ’ အသုံးအနှုန်းအပေါ် စိတ်ခံစားချက်ဖြင့် တုံ့ပြန်မည်မဟုတ်ဟု အစိုးရ ပြော

‘ရိုဟင်ဂျာ’ အသုံးအနှုန်းအပေါ် စိတ်ခံစားချက်ဖြင့် တုံ့ပြန်မည်မဟုတ်ဟု အစိုးရ ပြော
ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး မီဒီယာများကို ဖြေကြားနေသည့် ဝန်ကြီး ဦးသိန်းဆွေ(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၅ရက်၊ ၂၀၁၈ခုနှစ်)။ ။ ‘ရိုဟင်ဂျာ’ ဟူ၍ ခေါ်ဝေါ်သုံးနှုန်းနေမှုများအပေါ် စိတ်ခံစားချက်သက်သက်မဟုတ်ဘဲ နိုင်ငံ့အကျိုးစီးပွား၊ တိုင်းရင်းသားလူမျိုးများ၏ အကျိုးစီးပွားကို ရှေးရှုကာ အစိုးရက တည်တည်ငြိမ်ငြိမ်ဖြင့် တုံ့ပြန်လျက် ရှိသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

“စိတ်ခံစားချက်နဲ့ မတုံ့ပြန်ဘူး။ အမျှော်အမြင်နဲ့ တုံ့ပြန်တယ်။ ဒါဟာ ပိုမိုပြီးတော့မှ ခိုင်မာတယ်။ လေးနက်တယ်။ ပိုမိုပြီးတော့မှ အကျိုးရှိမယ်လို့ထင်လို့ ဒီလိုပဲ လုပ်နေရတာ” ဟု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

ရိုဟင်ဂျာ လူမျိုးမရှိကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးအား သိရှိစေရန် အစိုးရက မည်သို့ဆောင်ရွက်နေသည်ကို သိလိုကြောင်း အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မက်မန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးတင်အေးက ဖေဖော်ဝါရီ ၅ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းမှုနှင့်ပတ်သက်ပြီး ဝန်ကြီးက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစာရင်းတွင် မပါဝင်ကြောင်း ကြိမ်ဖန်များစွာ ဖော်ပြပြီးလည်း ဖြစ်ပါတယ်။ ဖော်ပြဆဲလည်း ဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

လွတ်လပ်ရေးမရမီ အင်္ဂလိပ်အစိုးလက်ထက်နှင့် လွတ်လပ်ရေးရပြီးနောက် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းမှတ်တမ်းများ၊ ပြုစုခဲ့သည့် တိုင်းရင်းသားမျိုးနွယ်စု အမည်စာရင်းများတွင်လည်း အဆိုပါ ရိုဟင်ဂျာ လူမျိုး မပါဝင်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။

မေးခွန်းရှင် ဦးတင်အေးကမူ ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က ရိုဟင်ဂျာ ဟူသည့် လူမျိုး မြန်မာနိုင်ငံတွင် မရှိကြောင်း အတိအလင်း ထုတ်ဖော်ပြောကြားသကဲ့သို့ လက်ရှိ NLD အစိုးလက်ထက်တွင် ပြတ်ပြတ်သားသား ပြောကြားခြင်းမရှိသည့်အတွက် လွှတ်တော်တွင် မေးမြန်းရခြင်းဖြစ်သည်ဟု ဆိုသည်။

“ရိုဟင်ဂျာနဲ့ပတ်သက်ပြီးတော့ လက်ရှိအစိုးရလက်ထက်မှာ တိတိလင်းလင်း၊ ပြတ်ပြတ်သားသား ဖြေကြားတာ မတွေ့ဘူး။ ယခင်အစိုးရလက်ထက်မှာဆိုရင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်လည်း ပြောတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်း ပြောတယ်။ လက်ရှိအစိုးရလက်ထက်မှာဆိုရင်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောတယ်။ ဒါပေမယ့် State Level တွေအနေနဲ့ ဖြေတာ မတွေ့ဘူး” ဟု ဦးတင်အေးက လွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်များကို ပြောသည်။

တပ်မတော်တွင် ဗိုလ်ချုပ်ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သည့် ဦးတင်အေးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ မက်မန်းမဲဆန္ဒနယ်မှ တသီးပုဂ္ဂလဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရပြီးမှသာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်ခဲ့သူ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly