ရွှေစက်တော်ဘုရား စောင်းတန်းစျေးသည်ပြဿနာ မပြေလည်သေး

ရွှေစက်တော်ဘုရား စောင်းတန်းစျေးသည်ပြဿနာ မပြေလည်သေး

 

မကွေး ဖေဖော်ဝါရီ ၅ ။                ။ မန်းရွှေစက်တော်ဂေါပကအဖွဲ့က ရွှေစက်တော်ဘုရား စောင်းတန်းဈေးသည်များ ရောင်းချခဲ့သည့်နေရာများတွင် သံဇကာများကာရံ၍ ဈေးရောင်းချခွင့်ပိတ်ပင်ထားသည့် အတွက် ထိခိုက်နစ်နာမှုများ ရှိနေသည်ဟု မန်းရွှေစက်တော် စောင်းတန်းဈေးသည်များက ပြောသည်။

 ယခုနှစ်ဘုရားပွဲရာသီအစတွင် ယင်းသို့ သံဇကာများ ကာရံခဲ့ပြီး ဈေးရောင်းချရန် နေရာအစားမပေးခဲ့သည့် အတွက် ဈေးသည် ၅၀၀ ကျော်မှာ ယနေ့အချိန်အထိ   ဈေး ရောင်းချခြင်းမပြုနိုင်ဘဲ   ဈေးအရင်းအနှီးများ နစ်နာနေ သည်ဟု ရွှေစက်တော်ဘုရားပွဲဈေးသည်များက ပြောသည်။

" အခုအချိန်ထိ သံဇကာကပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကောင်းမွန်စွာ နေရာအစားချထားပေးခြင်းလည်း မရှိဘူး၊ အခုချိန်ထိ ဈေးသည်တွေက လုံးဝမထွက်ရသေးဘူး၊ အဲဒီအနေအထားပါ၊ ဂေါပကကလည်း ပစ်ထားတဲ့ အနေ အထားပဲ ရှိသေးတယ်" ဟု ရွှေစက်တော်ဘုရားပွဲတွင် ဈေးရောင်းချသူ ဦးအောင်တင်က ပြောသည်။ ယင်းသို့ စောင်းတန်းဇကာကာခြင်းကို လက်ခံသော်လည်း   ဈေးရောင်းချရန်   နေရာမပေးခြင်း ကြောင့် ထိခိုက်နစ်နာရခြင်းဖြစ်သည်ဟု ရွှေစက်တော် ဘုရားပွဲတွင် နှစ်ပေါင်း ၂၀ ကျော် ဈေးရောင်းချလာသူ မရွှေစင်ထွန်းက ပြောသည်။

"သံဇကာ ကာတယ်ဆိုတာ လှတာတော့ မှန်ပါတယ်၊ လှပါတယ်၊ မလှဘူးမပြောလိုပါဘူး၊ ဒါပေမယ့် ဒီဈေးသည် နေရာတွေကျတော့ ဒီဈေးသည်မိသားစုတွေကျတော့ ဒီသံဇကာကြီးကာပြီး ဒီနေရာတွေ ပျောက်သွားတော့ ဒီ ဈေးသည်မိသားစုတွေမှာ အခက်အခဲရှိပါတယ်" ဟု မရွှေစင်ထွန်းက ပြောသည်။

 ထို့ပြင် ယင်းသို့ သံဇကာကာရံမည့်ကိစ္စကို ဂေါပကအဖွဲ့ က ဈေးသည်များနှင့် တစုံတရာအသိပေးညှိနှိုင်းခြင်း မရှိ သည့်အပြင် တောင်းဆိုတင်ပြခဲ့မှုများကို လက်ခံဆောင် ရွက်ပေးခြင်းမရှိဟု ၎င်းက ဆက်လက်ပြောပြသည်။

 ဘုရားစောင်းတန်းတစ်ဖက်တွင် သံဇကာများကာရံခြင်း သည် မန်းရွှေစက်တော်ဘုရားကြီးသာယာလှပရေး အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နေရာပေးရန်ရှိသော် လည်း ဈေးသည်များက ရွှေ့ပြောင်းရန်ဆန္ဒမရှိကြခြင်းသာ ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးသိန်းလှိုင်က မဇ္ဈိမသို့ ပြောသည်။

 " ဆရာတို့က သူတို့ကို နေရာပေးဖို့ရှိတယ်၊ ဥပမာ စောင်း တန်းသံဇကာကပ်တယ်ဆိုတာ မုခ်ဦးကနေ လျောင်း တော်မူအထိ စောင်းတန်းလေးသွယ်ရှိတယ်၊ စောင်း တန်း လေးသွယ်မှာ သူတို့က ဒီအသွယ် ၂ ခုမှာ သူတို့က လုနေတာ၊ ဒီညာဘက်အခြမ်းက ကပ်လိုက် တော့ ဟိုဘက်စောင်းတန်း ၃ သွယ်မှာ နေချင်တဲ့နေရာ မှာ နေလို့ရတယ်၊ ဒီဘက်မှာ ၅ ပေယူရင် ဟိုဘက်မှာ ၁၀ ပေ ပေးလို့ရတယ်၊ သူတို့က အဲဒီလိုမရွှေ့ချင်တာ၊ သူတို့ကို ထမင်းအိုးခွဲတာလည်း မဟုတ်ဘူး၊ ဥပမာအား ဖြင့် သူတို့ကို ရိုက်နှက်ပြီး ဒီပေါ်က မောင်းထုတ်တာ လည်း မဟုတ်ဘူး" ဟု မန်းရွှေစက်တော်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောသည်။

 ဈေးသည်များဘက်က တောင်းဆိုတင်ပြမှုများ ဆောင် ရွက်ခဲ့သော်လည်း ယခုအချိန်အထိ ဂေါပကအဖွဲ့က လိုက် လျောဆောင်ရွက်ခြင်းမရှိသေးခြင်းကြောင့် ဈေးသည်များ အခွင့်အရေး စုပေါင်းတောင်းဆိုနိုင်ရန် ဈေးသည်များ သမဂ္ဂ ဖွဲ့စည်းပြီး ဥပဒေဘောင်အတွင်းက ဆက်လက်တောင်း ဆိုသွားမည်ဟု ဈေးရောင်းချသူ ဦးအောင်တင်က ပြောသည်။

ရွှေစက်တော်ပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပလေ့ရှိပြီး ယခု ပွဲတော်မကျင်းပမီနှင့် ပွဲတော်တွင်းကာလများတွင် ဈေးဆိုင်အခက်အခဲများနှင့် ပတ်သက်၍ တစ်ကိုယ်တော်နှင့် အဖွဲ့လိုက်ဆန္ဒဖော်ထုတ်တောင်းဆိုမှုများ ရှိခဲ့သည်။

 စောင်းတန်းတစ်ဖက်တွင် သံဇကာကာရံခဲ့ခြင်းနှင့် ပတ်သက်၍လည်း ရွှေစက်တော်ပွဲတော်စောင်းတန်းဈေး သည် ၁၀၀ ကျော်ဝန်းကျင်က မင်းဘူးမြို့တွင် ဇန်နဝါရီ ၁၃ ရက်နေ့ ကဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly