ကာယိန္ဒြေပျက်မှုဖြင့် အမှုဖွင့်ထားသော အမျိုးသမီးအား ဗေဒင်ဆရာ အောင်ချစ်ပိုက ၆၆(ဃ) ဖြင့် ပြန်အမှုဖွင့်

ကာယိန္ဒြေပျက်မှုဖြင့် အမှုဖွင့်ထားသော အမျိုးသမီးအား ဗေဒင်ဆရာ အောင်ချစ်ပိုက ၆၆(ဃ) ဖြင့် ပြန်အမှုဖွင့်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၅ ။                      ။ ကာယိန္ဒြေပျက်မှုဖြင့် အမှုဖွင့်ထားသော အမျိုးသမီးတစ်ဦးအား ဗေဒင်ဆရာ အောင်ချစ်ပိုက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့်  ပြန်လည်အမှုဖွင့်လိုက်ကြောင်း ဗေဒင်ဆရာ အောင်ချစ်ပို၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးစိုးဝင်းအောင်က မဇ္ဈိမသို့ပြောသည်။

လက်ရှိတွင် ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ ကိုးထပ်ကြီးဘုရားတွင် ဗေဒင်ဟောခန်းဖွင့်ထားသူ ဗေဒင်ဆရာ အောင်ချစ်ပိုက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့်အမှုဖွင့်ထားမှု ၂ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

“ ဖြိုးဝေဝင်းကို ဖွင့်ထားပါတယ် ။ ၆၆(ဃ)နဲ့၊ နောက်တစ်ယောက်က ကေခိုင်မြင့်မြတ်ပါ။ သူကိုလည်း စမ်းချောင်း ရဲစခန်းမှာ ၆၆(ဃ) နဲ့ ဖွင့်ထားတယ်လို့ သိရပါတယ်။ ကျွန်တော်ကိုတော့ အမှုဖွင့်ဖို့အတွက် တိတိကျကျ လွှဲအပ် ထားတာ မရှိသေးပါဘူး။ သူက လုပ်မယ်ဆိုမှ ကျွန်တော်ကို ပြောတာပါ။ ဒါပေမယ့် သူ့အနေနဲ့ သူပြောတဲ့ ပုံ ကတော့ သူ ဒီကလေးမလေးတွေကို မစွဲချင်ဘူးပေါ့။ ကလေးမလေးက ၃၅၄ နဲ့ အမှုဖွင့်တယ်ပြောတယ်။ ကေခိုင်မြင့်မြတ်ကလေ။ ကာယိန္ဒြေပျက်တယ်ဆိုပြီး ဖွင့်တာပေါ့။ အဲ့ဒါကြောင့်မို့ သူဖွင့်လိုက်ရတာပေါ့။ ကျန်တဲ့ သူတွေကိုတော့ အမှုဖွင့်၊ မဖွင့် သူမပြောနိုင်သေးဘူးပေါ့။ သူ့ကို မတိုက်ခိုက်ရင် သူဘာမှ မလုပ်ပါဘူးလို့ ပြောပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးစိုးဝင်းအောင်က ပြောသည်။

ဗေဒင်ဆရာ အောင်ချစ်ပိုမှာ ၎င်းထံဗေဒင်လာမေးသည့် မိန်းကလေးများအား ယတြာချေပေးမည်ဟုဆိုကာ မ ဖွယ်မရာပြုလုပ်ခဲ့ကြောင်း အမျိုးသမီးဖေ့ဘုတ်စ်အကောင့်တစ်ချို့က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား တင်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ရေးသားမှုများနှင့်ပတ်သက်ပြီး Phyo Wai Win အကောင့်မှ “ဗေဒင်ဟောတယ်ဆိုပြီး မိန်းကလေး တွေကို ဟိုကိုင်ဒီကိုင်လုပ်တဲ့ ကိုးထပ်ကြီးဘုရားက အောင်ချစ်ပိုဗေဒင်ခန်းအကြောင်း ဒါမျိုးတွေကျတော့ရော ကြည့်ကောင်းနေကြသလား ပြည်သူ့ရဲ”ဟု ထပ်မံရေးသားတင်ခဲ့သဖြင့် ဗေဒင်ဆရာ အောင်ချစ်ပိုက ဇန်နဝါရီလ ၂၇ ရက်တွင် Phyo Wai Win အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် စမ်းချောင်းမြို့မရဲ စခန်းတွင် စတင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ကေခိုင်မြင့်မြတ်အကောင့်ပိုင်ရှင်က ဗေဒင်ဆရာအောင်ချစ်ပိုအား စမ်းချောင်းမြို့မရဲစခန်းတွင် မိန်းမ၏ ကာယိ န္ဒြေပျက်စီးစေရန်အကြံဖြင့် လက်ရောက်မှုကျူးလွန်ခြင်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၄ ဖြင့်အမှုဖွင့် တိုင်ကြား ခဲ့သဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဗေဒင်ဆရာအောင်ချစ်ပိုက ကေခိုင်မြင့်မြတ်အား စမ်းချောင်းရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ) ဖြင့် ပြန်လည်အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြဿနာများနှင့် ပတ်သက်ပြီး ဗေဒင်ဆရာ အောင်ချစ်ပိုက ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး ၎င်းအနေဖြင့် အမျိုးသမီးများအပေါ်ထိုသို့ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သော်လည်း အမျိုးသမီးတချို့မှာ မီဒီယာအင်တာဗျူးများတွင် ဗေဒင်ဆရာအောင်ချစ်ပိုမှာ သူမတို့ အပေါ် ယတြာချေပေးမည်ဟုဆိုကာ ကိုယ်ထိလက်ရောက် မဖွယ်မရာကျူးလွန်ခဲ့ကြောင်း ဖြေဆိုမှုများရှိခဲ့ သည်။

မိန်းမ၏ကာယိ န္ဒြေပျက်စီးစေရန်အကြံဖြင့် လက်ရောက်မှုကျူးလွန်ခြင်း ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၅၄ မှာ အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ် အထိချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါချမှတ်နိုင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly