ဖားကန့်တွင် ကျပ်သိန်း နှစ်သောင်းကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် ဆေးပြားများဖမ်းမိ

ဖားကန့်တွင် ကျပ်သိန်း နှစ်သောင်းကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် ဆေးပြားများဖမ်းမိ
ဓာတ်ပုံ-ပြည်ထဲရေး

ရန်ကုန်၊ ဖေဖော်ဝါရီလ ၅ ။          ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မန္တလေး-ဖားကန့် ကားလမ်း၊ နန့်တိန်းတပ်စခန်းအနီး ဖြတ်သန်းသည့် ယာဉ် ပေါ်မှ  ကျပ်သိန်း နှစ်သောင်းကျော် (၂၁,၁၄၉ )တန်ဖိုးရှိ  ဘိန်းဖြူနှင့် ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ဖေဖော်ဝါရီလ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖားကန့်မြို့နယ်၊ မန္တလေး-ဖားကန့် ကားလမ်း၊ နန့်တိန်းတပ်စခန်းတွင် ဖေဖော်ဝါရီလ ၄ ရက်၊ ညနေ ၄ နာရီ ခန့်အချိန်တွင် ဖြိုးကျော်ဆိုသူမောင်းနှင်ပြီး ယာဉ်နောက်လိုက် ရန်ကြည်ဟော်(ခ)ဂျီဟော်လိုက် ပါလာသည့် ၁၂ ဘီး ကုန်တင်မော်တော်ယာဉ်အား တပ်မတော်မှ ရပ်တန့်စစ်ဆေးခဲ့သည်။

ထိုသို့ ယာဉ်အား ရပ်တန့်စစ်ဆေးရာမှ ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့်  ဘိန်းဖြူ အလေးချိန် ၁ဝ ဒသမ ၈၇ ကီလိုရှိ ဘိန်းဖြူ ဆပ်ပြာခွက် ၁ဝ၈၇ ခွက်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၁၆,၄၅ဝ ပြား တို့ကိုရှာဖွေ သိမ်း ဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းကွင်းဆက်အရ မန္တလေးတောင်ပိုင်းမှ မူးယစ်တပ်ဖွဲ့စု (၁၈)တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၅ ရက်၊ နံနက် ၆ နာရီခွဲအချိန်တွင် ပြည်ကြီးတံခွန်မြို့ နယ်၊(စ)ရပ်ကွက်ရှိ  မော်တော်ယာဉ်ပိုင်ရှင် အိုက်စံ(ခ) စူးလီထုံးအား လက်ကိုင်ဖုန်းတစ်လုံး၊ မော်တော်ယာဉ် မှတ်ပုံတင် စာအုပ်တစ်အုပ် တို့နှင့်အတူ နေအိမ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိခဲ့သည့် အသက် ၂၅ နှစ်အရွယ် ဖြိုးကျော်၊ အသက် ၄၃ နှစ်ရွယ် ရန်ကြည်ဟော် (ခ)ဂျီဟော်နှင့်အတူ ယာဉ်ပိုင်ရှင်ဖြစ်သူ အသက် ၃၇ နှစ်အရွယ် အိုက်စံ(ခ) စူးလီထုံး ဆိုသူတို့ ၃ ဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ  အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly