တိုက်ပွဲကြားမှာ ပိတ်မိနေသော ပြည်သူများ လွတ်မြောက်ရေး မြစ်ကြီးနားမြို့တွင် ဆန္ဒဖော်ထုတ်

တိုက်ပွဲကြားမှာ ပိတ်မိနေသော ပြည်သူများ လွတ်မြောက်ရေး မြစ်ကြီးနားမြို့တွင် ဆန္ဒဖော်ထုတ်
Photo - Nangpu

 

ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၁၈ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။          ။ တပ်မတော်နှင့် KIA တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲအတွင်း ပိတ်မိနေသော စစ်ဘေးသင့်ပြည်သူများအား ကယ်ထုတ်နိုင်ရေးအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယနေ့ဆန္ဒဖော်ထုတ်ခဲ့သည်။

ဘာသာရေးခေါင်းများ၊ ရပ်မိရပ်ဖများ၊ ကချင်ပြည်သူများ၊ အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်၍ ဖွဲ့စည်းထားသော စစ်ဘေးသင့်ပြည်သူများအား အရေးပေါ် ကယ်ဆယ်ကူညီရေးကော်မတီ မှ ဦးဆောင်၍ လူဦးရေ ထောင်နှင့်ချီပြီး  ယနေ့ နံနက် ၉ နာရီမှမွန်းလွဲ ၁ နာရီချိန်ထိ မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းတွင် စုရပ်လုပ်၍ မြို့ပတ်ကာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့သည်ဟု အဆိုပါ ကော်မတီ၏ ဥက္ကဌ ဆန္ဒပြမှုတွင် ဦးဆောင်သူ ဦးဇော်ဂျတ်က ပြောသည်။

“တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့၊ ညှပ်နေတဲ့ ပြည်သူတွေက အလကား မြေစာပင်လို ဖြစ်နေတာ။ အဲဒါကြောင့် ကျနော်တို့က လူသားချင်းစာနာထောက်ထားစွာ ကယ်ထုတ်နိုင်ဖို့ ကျနော် အစိုးရကို စာတင်တယ်။ တိုင်းမှူးကို စာတင်တယ်။ သူတို့ ဘာမှ အကြောင်းကြားလာခြင်း မရှိဘူး။ ကူညီထောက်ပံ့တဲ့ လမ်းကြောင်းတွေလည်း မရှိဘူး။ ကျနော်တို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့ ပိတ်မိနေတဲ့လူတွေ ထွက်သွားနိုင်ဖို့ လုပ်ရတာ ဖြစ်တယ်” ဟု ဦးဇော်ဂျတ်က မဇ္ဈိမကို ပြောသည်။

“တခြားထပ်ဖြည့်ပြောချင်တာက အန်အယ်လ်ဒီအစိုးရအနေနဲ့ဒီလိုမျိုး တိုင်းပြည်မှာ ကျနော်တို့ တိုင်းပြည်မှာ ပြည်သူတွေ အခက်အခဲ ရောက်တဲ့အချိန်မှာ အမြန်ဆုံး နည်းလမ်းရှာပြီးမှ ဥပဒေဘောင်အတွင်းကနေ လုပ်စေချင်ပါတယ်”ဟု ဦးဇော်ဂျတ်က ဆက်ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက တိုက်ပွဲကြား ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမားများ ၃၀၀၀ ခန့် ပိတ်မိနေရာမှ ယခုထိ ၁၇၀၀ ခန့် ပိတ် မိနေဆဲ ဖြစ်ပြီး ၎င်းတို့ လွတ်ပေးရေးအတွက် ကချင်ပြယ်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူးထံသို့ ဖေဖော်ဝါရီလ ၂ ရက်နေ့က စာပေးပို့ခဲ့သော်လည်း ယနေ့ထိ အကြောင်းမပြန်လာသေးဘဲ မြို့ပေါ်ရှိ ပြည်သူများ လမ်းလျှောက် ဆန္ဒဖော် ထုတ်ရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

တနိုင်းမြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းကမူ ကချင်ပြည်နယ် တနိုင်းဒေသ ပယင်းမှော်တွေတဝိုက်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လူဦးရေ ၃၀၀၀ ခန့်ပိတ်မိခဲ့ ပြီး တနိုင်းအခြေစိုက် ဒေသကွပ်ကဲရေးစစ်ဋ္ဌာနချုပ်က ဦးဆောင်ကာ ဇန်နဝါရီ ၃၀ ရက်မှစတင်ကယ်ဆယ်နေသည်ဟု ပြောသည်။

        

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly