မန္တလေးတက္ကသိုလ်ဝင်းအတွင်း ဓားဖြင့် ခြိမ်းခြောက်ကာ ဖုန်းလု ထွက်ပြေးသွားသူနှစ်ဦး ဖမ်းမိ

မန္တလေးတက္ကသိုလ်ဝင်းအတွင်း ဓားဖြင့် ခြိမ်းခြောက်ကာ ဖုန်းလု ထွက်ပြေးသွားသူနှစ်ဦး ဖမ်းမိ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၅ ။            ။ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ်ဝင်းအတွင်း ထိုင်ပြီး ဖုန်းသုံးနေသူထံမှ ဓါးဖြင့် ခြိမ်းခြောက်ကာ Mi 5A အမျိုးအစားရွှေရောင်ဖုန်းအား လုယူထွက်ပြေးသွားခဲ့သူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ယနေ့ ဖေဖော်ဝါရီလ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ထိုသို့ ဖုန်းလုယူသွားသူနှစ်ဦးမှာ အောင်စိုးထက်(ခ)ဖိုးထက်နှင့် ဂျူစီ(ခ) အောင်အောင် ဆိုသူတို့ဖြစ်သည်။

အဆိုပါ နှစ်ဦးကို ချမ်းမြသာစည်မြို့မရဲစခန်းတပ်ဖွဲ့ဝင်များ စုံးစမ်းရှာဖွေခဲ့ရာ အောင်စိုးထက်ဆိုသူကို ဖေဖော် ဝါရီလ ၃ ရက်၊  ည ၁၂ ခန့်အချိန် မဟာအောင်မြေမြို့နယ်၊   ရွှေဘုန်းရှိန်ရပ်ကွက်အတွင်း ဖမ်းဆီးရမိခဲ့ပြီး ဂျူစီ ဆိုသူကို ဖေဖော်ဝါရီလ ၄ ရက်၊ နံနက် ၄ နာရီခန့်အချိန်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်စိုးထက်နှင့် ဂျူစီဆိုသူတို့ကို ရဲတပ်ဖွဲ့မှ စစ်ဆေးချက်အရ ၎င်းတို့နှစ်ဦးမှာ ဖေဖော်ဝါရီလ ၃ ရက်၊ ညပိုင်း အချိန်က မန္တလေးတက္ကသိုလ်ဝင်းအတွင်းသို့ ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ပြီး ဖုန်းသုံးနေသူတစ်ဦးအား ဓါးဖြင့် ချိန် ရွယ်ကာ Mi 5A ရွှေရောင်ဖုန်း(၁)လုံး လုယူထွက်ပြေးခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

လက်ရှိတွင် အောင်စိုးထက်နှင့် ဂျူစီဆိုသူနှစ်ဦးထံမှ သက်သေခံပစ္စည်းများအား သိမ်းဆည်းကာ မဟာအောင် မြေ မြို့မရဲစခန်းတွင်  (ပ) ၅၇/၂ဝ၁၈၊ ရာဇ သတ်ကြီးဥပဒေပုဒ်မ- ၃၈၂ အရ အမှုဖွင့်ပြီး အမှုကွင်းဆက်များ စစ်ဆေးဖော်ထုတ်နေကြောင်းသိရသည်။

အောင်စိုးထက်နှင့် ဂျူစီဆိုသူတို့အား အမှုဖွင့်စစ်ဆေးနေသည့်  ပုဒ်မ- ၃၈၂ မှာ ခိုးမှုကိုကျူးလွန်ရန်အလို့ငှာ သေစေရန်ဖြစ်စေ၊ နာကျင်စေရန်ဖြစ်စေ၊ တားဆီးရန်ဖြစ်စေ ပြင်ဆင်ပြီးမှ ကျူးလွန်သော ခိုးမှုအား စွဲဆိုသော ပုဒ်မဖြစ်ပြီး အလုပ်ကြမ်းနှင့် ထောက်ဒဏ် ၁ဝ နှစ်ထိချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly