ဆီရီးယားနိုင်ငံ ပါလ်မီရာမြို့ရှိ ဘားလ်ရှာမင်ဘုရားကျောင်းကို အိုင်အက်စ် တို့ဖောက်ခွဲ ဖျက်ဆီး

ဆီရီးယားနိုင်ငံ ပါလ်မီရာမြို့ရှိ ဘားလ်ရှာမင်ဘုရားကျောင်းကို အိုင်အက်စ် တို့ဖောက်ခွဲ ဖျက်ဆီး

ဒမတ်စကပ်၊သြဂုတ် ၂၄ ။        ။ အိုင်အက်စ်စစ်သွေးကြွများသည် ပါလ်မီရာမြို့ရှိ ဘားလ်ရှာမင် ရှေးဟောင်းဘုရားကျောင်းတစ်ခုကို သြဂုတ် ၂၃က ဖျက်ဆီးပစ်လိုက်သည်ဟု ဆီးရီးယားအရာရှိများနှင့် လှုပ်ရှားတက်ကြွသူများက ပြောကြားသည်။ ယင်းသို့ဘုရားကျောင်းဖောက်ခွဲဖျက်ဆီးခံကြောင်း ဆီးရီးယားရှေးဟောင်းပစ္စည်းဆိုင်ရာအကြီးအကဲ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့ခြင်းဖြစ်သည်။

အိုင်အက်စ်တို့သည် လွန်ခဲ့သည့်မေလက ပါလ်မီရာကို ထိန်းချုပ်ခဲ့ရာ ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်၎င်းနေရာ ဖျက်ဆီးခံရမည်ကို စိုးရိမ်မှုများပေါ်ထွက်ခဲ့သည်။ အိုင်အက်စ်သည် အီရတ်ရှိရှေးဟောင်းနေရာ အချို့ကိုလည်း ဖျက်ဆီးခဲ့ပြီးဖြစ်သည်။ အိုင်အက်စ်သည် သြဂုတ် ၂၃က ဘားလ်ရှာမင်ဘုရားကျောင်းတွင် ဗုံးအများအပြားချပြီး ဖောက်ခွဲခဲ့ရာ ဘုရားကျောင်းမှာ များစွာပျက်စီးခဲ့ကြောင်း ဆီးရီးယားရှေးဟောင်းပစ္စည်းဆိုင်ရာအကြီးအကဲမားမိုအွန်အက်ဘ်ဒူလ်ကာရင်မ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

"ဘုရားကျောင်းရဲ့ အတွင်းဘက်နေရာ ပျက်စီးသွားပြီး တိုင်တွေလည်း ပြိုသွားတယ်"ဟု ၎င်းကဆိုသည်။ အိုင်အက်စ်တို့သည် လွန်ခဲ့သည့် တစ်လကလည်း ယင်းသို့လုပ်ခဲ့သည်တိုင် ဘုရားကျောင်းတွင် ဗုံးများထောင်ခဲ့သည်ဟု ပါလ်မီရာမှ ထွက်ပြေးခဲ့သည့် ဒေသခံများက ပြောကြားခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပါလ်လမီရာသည် ကောင်းမွန်စွာရှိနေသေးသည့် ခေါမ-ရောမခေတ် ရှေးဟောင်းအကြွင်းအကျန်ပစ္စည်းများကြောင့် ကျော်ကြားသည်။ ယခုဖျက်ဆီးခံရသည့် ဘုရားကျောင်းမှာ လွန်ခဲ့သည့်နှစ်ပေါင်း ၂,၀၀၀နီးပါးက ရောမခေတ်လက်ရာဖြစ်သည်ဟု ဘီဘီစီအနုလက်ရာသတင်းထောက် ဗင်းဆင့်ဒိုးက ပြောသည်။ ယင်းကျောင်းကို မုန်တိုင်းများနှင့် မြေသြဇာကောင်းစေသော ဖိုနီးရှန်းမိုးနတ်မင်းကို ပူဇော်ဆောက်လုပ်ထားခြင်းဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly