တပ်မတော်ချစ်သူများအဖွဲ့က ဦးဆောင်ပြီး ဦးမင်းကိုနိုင်ကို ကန့်ကွက်ရှုံ့ချ

တပ်မတော်ချစ်သူများအဖွဲ့က ဦးဆောင်ပြီး ဦးမင်းကိုနိုင်ကို ကန့်ကွက်ရှုံ့ချ
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် ဖေဖေါ်ဝါရီ ၄ ။         ။  ၈၈ မျိုးဆက် ဦးမင်းကိုနိုင်၏ ပြောဆိုဆောင်ရွက်ခဲ့မှုများ အပေါ် ရှုံ့ချကန့်ကွက်သည့်အနေဖြင့် လူဦးရေသောင်း ချီပါဝင်သော တပ်မတော်ထောက်ခံကြသူများက ယနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မိုင်ဒါကွင်းတွင် ဆန့်ကျင်ရှုတ်ချပွဲအခမ်းအနား တစ်ရပ် ပြုလုပ်ခဲ့သည်။ ယနေ့အခမ်းအနားကို တပ်မတော်ချစ်သူများအဖွဲ့က ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေး နှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် သပ်လျှိုသွေးခွဲနေသူများအား ဆန့်ကျင်ရှုတ်ချပွဲအမည်ဖြင့် ပြုလုပ်ခဲ့သော ယင်း ဆန့်ကျင်ရံှုု့ချပွဲ အခမ်းအနားတွင် အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဒေါ်ဆွေဇင်ဦးနှင့် ဦးလှဆွေတို့ က ဟောပြောရှုံ့ချခဲ့ကြသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးသမိုင်းတွင် ဖဆပလအဖွဲ့ သည် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး တပ်မတော်လည်း ယင်း အဖွဲ့တွင် ပါဝင်ခဲ့သည်ဟု ယင်းပွဲတွင် ဟောပြောရှုံ့ချခဲ့ သူ ဦးလှဆွေက ပြောသည်။

" ဖဆပလက နိုင်ငံရေးပါတီတဲ့၊ အဲဒီဦးအောင်ဆန်းက လက်မှတ်သွားထိုးတာတဲ့၊ ပဆပလဆိုတာ ၃ ဖွဲ့ပေါင်း ထားတာဗျ၊ ပဆပလဆိုတာ ကွန်မြူနစ်ပါတီရယ်၊ ပြည်သူ့ ရဲဘော်ရယ်၊ တပ်မတော်ရယ် ၃ ဖွဲ့ပေါင်းပြီးတော့မှ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးဆိုတဲ့ ဖဆပလ အဖွဲ့ကြီးကို ဖွဲ့တာ၊ ဖွဲ့ပြီးတော့မှ ဘီအိုင်အေဆိုတာက ဂျပန်နဲ့အတူပေါင်းပြီးတော့ အင်္ဂလိပ်ကိုတိုက်တာ၊ ဘီဒီ အေဆိုတာက ဂျပန့်ခေတ်မှာ ဖွဲ့တဲ့တပ်၊ ဂျပန်ကို အင်္ဂလိပ် နဲ့ပေါင်းပြီး ပြန်တိုက်တော့ ဘီအန်အေဆိုတဲ့တပ်၊ အဲဒီလို ဘီအိုင်အေ၊ ဘီဒီအေ၊ ဘီအန်အေဖွဲ့ပြီးတော့တိုက်၊ တိုက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးမရ သေးဘူး၊ ၁ နှစ်အတွင်း လွတ်လပ်ရေးရချင်ရ၊ မရရင်ချမယ်၊ ခါးတောင်းကျိုက် မဖြုတ်ကြနဲ့ဟေ့ဆိုပြီးတော့ မိန့်ခွန်း ပြောခဲ့တာ၊ ကျွန်တော်တို့တပ်မတော်သား ပြည်သူ့ရဲ ဘော်တွေ ဟောဒီမိုင်ဒါကွင်းထဲမှာ စစ်ရေးပြတွေ လမ်းလျှောက်၊ အဲဒီလိုမျိုး စစ်ချီစစ်တပ်တွေလုပ်ပြနေတဲ့အခါမှ အက်တလီက လှမ်းခေါ်တယ်၊ အဲဒီပြည်သူ့ရဲဘော်ခေါင်း ဆောင် ဗိုလ်ချုပ်အောင်ဆန်း လာပါ၊ ဆွေးနွေးရအောင်ပါ ဆိုမှ လန်ဒန်ရောက်သွားတာ" ဟု ဦးလှဆွေက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့က ရန်ကုန်၊ သုဝဏ္ဏကွင်းတွင် ဦးမင်းကိုနိုင်စီစဉ်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးသရုပ်ဖော်ပြကွက်များနှင့် ပတ်သက်၍ ယင်းလုပ်ရပ်များ သည် တပ်မတော်၏ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေ သည့်အတွက် ယင်းလုပ်ရပ်ကို အပြင်းအထန်ရှုံ့ချ ကြောင်း ဦးလှဆွေက ဆက်ပြောသည်။

ယင်းငြိမ်းချမ်းရေး သရုပ်ဖော်ပြကွက်တင်ဆက်မှုနှင့် ပတ်သက်ပြီး အားလုံးကို တာဝန်အပြည့်အဝ ယူကြောင်း၊ ယင်း ပြကွက်တွင် ပါဝင်သည့် လက်နက်ကိုင်အဖွဲ့အစည်း သဏ္ဍန်တွင် မည်သည့်အဖွဲ့အစည်းဖြစ်ကြောင်း တံဆိပ် များ တိတိကျကျ သုံးစွဲထားခြင်းမရှိကြောင်း၊ စစ်ပွဲများ ၏ အနိဋ္ဌာရုံကိုသာ ရည်ညွှန်းခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက် ဦးမင်းကိုနိုင်ကလည်း DVB သတင်းဋ္ဌာန၏ တွေ့ဆုံ မေးမြန်း ခန်းတွင် ဖြေကြားခဲ့သည်။

ယနေ့အခမ်းအနားကို အမျိုးသားရေးတက်ကြွလှုပ်ရှားသူ များ၊ စစ်မှုထမ်းဟောင်းများ၊ နိုင်ငံရေးပါတီများနှင့် တပ်မတော်အား ထောက်ခံကြသူများ တက်ရောက်ခဲ့ကြ ပြီး ဦးမင်းကိုနိုင်အားအရေးယူပေးရန်နှင့် ယင်းလုပ်ရပ်ကို အပြင်းအထန်ရှုံ့ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly