အမှိုက်မသိမ်းသည့် လက်ဘနွန်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှု သုံးရက်မြောက်လာ၍ ၀န်ကြီးချုပ် ပြုတ်ကျဖွယ်ရှိနေ

အမှိုက်မသိမ်းသည့် လက်ဘနွန်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှု သုံးရက်မြောက်လာ၍ ၀န်ကြီးချုပ် ပြုတ်ကျဖွယ်ရှိနေ

လက်ဘနွန်နိုင်ငံတွင် လမ်းများပေါ်အမှိုက်များ ပြန့်ကျဲရှိနေခြင်းကို အစိုးရက လှည်းကျင်းခြင်းမရှိခြင်းကြောင့် အစိုးရဆန့်ကျင်သူများက ဆန္ဒပြရာ ရဲနှင့်ထိပ်တိုက်တွေ့ခဲ့သည့် နေရာတွင် သုံးရက်မြောက် ဆန္ဒပြသမှုကို ပြင်ဆင်စိုင်းပြင်းလျက်ရှိနေသည်။

မနေ့ သြဂုတ် ၂၃ ရက်က ဘေရွတ်တွင် ဒုတိယမြောက် ဆန္ဒပြပွဲ၌ အင်အားထောင်ပေါင်းများစွာရှိသဖြင့် ဝန်ကြီးချုပ် တမ်မမ်းဆာလမ် နှုတ်ထွက်သွားရဖွယ်အတွက် စိုးရိမ်ပူပန်ရသည့် အခြေအနေရှိသည်။

ယင်းဆန္ဒပြလူအုပ်ကို ဖြိုခွဲရာတွင် ရဲက ရေအမြောက်များ၊ ဓာတ်ငွေ့များဖြင့် ထိုးခွဲလူစုခွဲခြင်းကြောင့် ဒဏ်ရာရသူဒါဇင်ကျော်ရှိခဲ့သည်။

လက်ဘနွန်နိုင်ငံတွင် သမ္မတလည်း တင်မြောက်နိုင်ခြင်းမရှိသကဲ့သို့ ပါလီမန်လည်း မခေါ်နိုင်ဘဲရှိသည့် မတိုးသာမဆုတ်သာ နိုင်ငံရေးအခြေအနေနှင့် ရင်ဆိုင်နေရသည်။

အိမ်နီးချင်းဆီးရီးယားပဋိပက္ခများက ဆွန်နီအုပ်စုဖြစ်သည့် ဝန်ကြီးချုပ်၏ ယူနတီအစိုးရနှင့် ရှီးယိုက်ပါတီများကြား ဂိုဏ်းဂဏစွဲယှဉ်ဖက်ပြုမှုများကို ပိုမိုဆိုးဝါးစေခြင်းဖြင့် အဟန့်အတားများကို ဆိုးဝါးစွာဖြစ်ပေါ်စေကြောင်း စွပ်စွဲမှုများလည်း ထွက်ပေါ်နေသည်။

ပြီးခဲ့သည့်လက နိုင်ငံ၏ အကြီးဆုံး ဖို့မြေအမှိုက်စွန့်ရာကို ပိတ်လိုက်ပြီးနောက်တွင် ဘေရွတ်လမ်းပေါ်တွင် အမှိုက်များ ပုံလာခြင်းဖြစ်ရာ အစိုးရကလည်း ယင်းအမှိုက်များကို သိမ်းဆည်းလှည်း ကျင်းပေးခြင်း မရှိခြင်းကြောင့် ဆန္ဒပြမှုများထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြဆန့်ကျင်သူများက နိုင်ငံရေးတုံ့နှေးခြင်းနှင့် အကျင့်ပျက်ခြစားခြင်းတို့ကြောင့် ယင်းအမှိုက်ပြဿနာကို ဖြေရှင်းပေးနိုင်ခြင်းမရှိခြင်းဖြစ်သည်ဟု အပြစ်ပြောဆိုကြသည်။

သြဂုတ် ၂၃ ရက် ဆန္ဒပြသမှုတွင် ရဲများကို ဆန္ဒပြသူများက ကျောက်ခဲများဖြင့်ပစ်ပေါက်ခြင်းများပြုလုပ်ခဲ့ပြီး ပစ္စည်းများကိုလည်း မီးတင်ရှို့ခြင်းများ လုပ်ခဲ့ကြသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly