မြောက်ဦးဆူပူမှုနှင့် ဆက်စပ် ဖမ်းဆီးခံထားရသည့် ကျောင်းသား စာမေးပွဲဖြေဆိုရန် ခွင့်ပြုချက်မရသေး

မြောက်ဦးဆူပူမှုနှင့် ဆက်စပ် ဖမ်းဆီးခံထားရသည့် ကျောင်းသား စာမေးပွဲဖြေဆိုရန် ခွင့်ပြုချက်မရသေး

မြောက်ဦး၊ ဖေဖော်ဝါရီ ၂ ရက်။           ။ အရပ်သား ၇ ဦးကို သေဆုံးစေခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့် မြောက်ဦး ပစ်ခတ်မှုနှင့် ဆူပူမှုများ နောက်ဆက်တွဲ ဖမ်းဆီးခံထားရသည့် ကျောင်းသားတစ်ဦးမှာ စာမေးပွဲဖြေဆိုခွင့် အတွက် ခွင့်ပြုချက်ကို ယခုတိုင် မရရှိသေးဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဖမ်းဆီးခံထားရသူမှာ မြောက်ဦးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ယူနေသော ပြလှကျေးရွာမှ မောင်ထွန်းကျော်ဦးဖြစ်ပြီး ၎င်းဖြေဆိုမည့် နဝမတန်း စာမေးပွဲအတွက် ခွင့်ပြုချက်ရရှိရန် ပြည်နယ်ပညာရေးဌာနမှ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ်သို့ တင်ပြထားသည်ဟု ဆိုသည်။

“ခွင့်ပြုစာကတော့မကျသေးဘူး။ လှမ်းတောင်းရဦးမယ်။ ခွင့်ပြုမိန့်တင်ရတယ်။ အထက်ကိုလေ။ သူတို့က ကျလာမှသာ လျှင် ဆရာကြီးတို့က ဆောင်ရွက်ပေးရမှာကို။ ရလိမ့်မယ်လို့ထင်တယ်။”ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ပြောသည်။

နဝမတန်းစာမေးပွဲအား ယခု ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ရက်မှာ အလွန်နီးကပ်နေပြီ ဖြစ်သော်လည်း ခွင့်ပြုချက်မှာ ကျမလာသေးသဖြင့် သူ၏ ယခုပညာသင်နှစ် စာမေးပွဲဖြေဆိုမှုနှင့် ပတ်သက်၍ ဆုံးရှုံးမည်ကို မိဘများကလည်း စိုးရိမ်နေကြသည်။

အဆိုပါ ကျောင်းသားမှာ ဇန်နဝါရီ ၁၆ ရက်နေ့ညက ဖြစ်ပေါ်ခဲ့သည့် မြောက်ဦးဆူပူမှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ ပစ်ခတ်နှိမ်နင်းမှုများအတွင်း ဒဏ်ရာရရှိခဲ့သူ ဖြစ်ကာ စစ်တွေဆေးရုံတွင် ကုသမှုခံယူနေစဉ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် နိုင်ငံတော်ပိုင်ပစ္စည်းများအား ဖျက်ဆီးမှု ၆ (၁) ဖြင့် အမှုဖွင့် ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းလည်း ဖြစ်သည်။

၎င်း၏ စာမေးပွဲဖြေဆိုခွင့်နှင့် ပတ်သက်၍ ခွင့်ပြုချက် ရလာမည်ဆိုပါကလည်း မည်သည့်နေရာတွင် ဖြေဆိုရမည် ကို အတည်မပြုနိုင်သေးဘဲ စစ်တွေ၌သာ ဖြေဆိုရမည်ဆိုပါက ဆေးရုံတွင် သီးသန့်ဖြေဆိုခွင့် ရရှိနိုင်ဖွယ် ရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ဆိုသည်။

ယခု စာမေးပွဲဖြေဆိုခွင့် မရရှိသေးသော ကျောင်းသားအပါအဝင် ၈ ဦးကို စစ်တွေပြည်သူ့ဆေးရုံ၏ အချူပ်သားလူနာဆောင်တွင်လည်းကောင်း မြောက်ဦးဆေးရုံတွင် ၁ ဦးကိုလည်းကောင်း ဥပဒေပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly