ဟောင်ကောင် ဓါတ်ပုံဆရာ ကျည်ကာအကျႌကြောင့် ထိုင်းတွင် ဖမ်းဆီးခံရ

ဟောင်ကောင် ဓါတ်ပုံဆရာ ကျည်ကာအကျႌကြောင့် ထိုင်းတွင် ဖမ်းဆီးခံရ

ဘန်ကောက်၊ သြဂုတ် ၂၄ ။         ။ လွန်ခဲ့သည့် သီတင်းပတ်က ထိုင်းနိုင်ငံတွင် ဟိန္ဒိူဘုရားကျောင်းတစ်ခုတွင် ကြောက်မက်ဖွယ်ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ပြီးနောက် ထိုင်းနိုင်ငံတွင် ကျည်ကာအင်္ကျ ီနှင့် ဟဲလ်မက်ဦးထုတ်တစ်လုံးယူဆောင်လာမှုကြောင့် ထိန်းသိမ်းခံရကြောင်း ဟောင်ကောင်ဓါတ်ပုံဆရာတစ်ဦးက သြဂုတ် ၂၄တွင် ပြောသည်။

ဟောင်ကောင်အခြေစိုက် Intium မီဒီယာအုပ်စုအတွက် အလုပ်လုပ်နေသော အန်ထော်နီကွန်ဟုတ်ချွန်သည်  သြဂုတ် ၂၃ရက်နေ့ နေ့လည်က သုဝဏ္ဏဘူမိလေဆိပ်မှ ထွက်ခွာရန် ကြိုးပမ်းပြီးနောက် ရဲတပ်ဖွဲ့၏ ထိန်းသိမ်းခြင်းခံရခြင်းဖြစ်သည်။ " အခုအချိန်အထိ လေဆိပ်ကရဲစခန်းမှာ စောင့်နေရတုံးပါ။ ကျွန်တော်သိသလောက်တော့ ကျွန်တော် တရားရုံးကို သွားရမှာပါ"ဟု ၎င်းကအေအက်ဖ်ပီ သို့ပြောကြားခဲ့သည်။

ဘန်ကောက်၏ အစည်ကားဆုံး ဈေးဝယ်စင်တာများရှိရာ ဘုရားကျောင်းတွင် သြဂုတ် ၁၇က ဗုံးပေါက်ကွဲမှုကြောင့် အာရှခရီးသည်အများစု သေဆုံးခဲ့ရပြီးနောက် ထိုင်းနိုင်ငံသို့ နိုင်ငံတကာမှ မီဒီယာအများ အပြားဝင်ရောက်လျက်ရှိသည်။

နိုင်ငံ၏ အရေးပါသော ခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်သည့် အဆိုပါတိုက်ခိုက်မှု ကျူးလွန်သူများကို ဖော်ထုတ်နိုင်ရေးအတွက် ထိုင်းရဲများမှာ ရုန်းကန်နေရပြီး ဖမ်းဆီးမှုများ မပြုလုပ်နိုင်သေးပေ။ ထိုင်းနိုင်ငံ၏ နိုင်ငံခြားသတင်းထောက်များအဖွဲ့(FCCT)က ကွန်အားဖမ်းဆီးခြင်းကို ဝေဖန်ခဲ့ပြီး ကွန်အား စစ်ခုံရုံးတစ်ခုတွင် စစ်ဆေးမည်ဟု ၎င်းတို့အားပြောကြားထားသည်ဆိုသည်။

"သူ့ကို တရားမဝင်လက်နက်ပိုင်ဆိုင်မှုနဲ့ တရားစွဲမှာပါ။ ဒီအမှုက ထောင်ဒဏ်ငါးနှစ်အထိကျနိုင်ပါတယ်။ သူ့ကိုစစ်ခုံရုံးတစ်ခုမှာ စစ်ဆေးမှာပါ "ဟု FCCT ၏ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

"ဂျာနယ်လစ်တွေအသုံးပြုတဲ့ သံချပ်ကာအင်္ကျီနဲ့ ဟဲလ်မက်တွေဟာ တိုက်ခိုက်ရေးလက်နက်တွေမဟုတ်ပါဘူး။ ဒီလိုမျိုးအရေးမယူသင့်ပါဘူး"ဟု အဆိုပါအုပ်စု ထပ်မံပြောကြားခဲ့သည်။

ဓါတ်ငွေ့ကာမျက်နှာဖုံး၊ ကျည်ကာအင်္ကျီနှင့် ဟဲလ်မက်ကဲ့သို့ ကာကွယ်ရေးတပ်ဆင်ကိရိယာများကို ကမ္ဘာတစ်ဝန်းက မီဒီယာများက အသုံးပြုလေ့ရှိသော်လည်း ထိုင်းနိုင်ငံ၏ လက်နက်ထိန်းချုပ်ရေး အက်ဥပဒေအရ လက်နက်အဖြစ် သတ်မှတ်ထားပြီး လိုင်စင်ယူရန်လိုအပ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly