မီးလောင်ဂျိုင် LNG to Power လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအား ၃ နှစ်အတွင်း ဆောင်ရွက်သွားမည်

မီးလောင်ဂျိုင် LNG to Power လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအား ၃ နှစ်အတွင်း ဆောင်ရွက်သွားမည်

ဖေဖော်ဝါရီ ၂၊ ပုသိမ် ။           ။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မီးလောင်ဂျိုင် LNG to Power  လျှပ်စစ်ဓာတ်အား ပေးစက်ရုံ စီမံကိန်းအား ၃ နှစ်တာကာလအတွင်း   ဆောင်ရွက်သွားမည် ဖြစ်ပြီး ၂၀၂၀ ခုနှစ် မတိုင်ခင် အပြီးသတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးကပြောသည်။

“ကျွန်တော်တို့တိုင်းအတွက်တော့ အကြီးဆုံးလျှပ်စစ်ဓါတ်အားထုတ်တာပါ၊ စီမံကိန်းပြီးမှာ သုံးနှစ်ပါ။ ကျွန်တော်တို့တွန်းမှာပါ။ တိုင်းဒေသကြီးအစိုးရကလည်း အများကြီးပံ့ပိုးပေးသွားမှာပါ၊၂၀၂၀ မတိုင်ခင် ပြီးအောင်လုပ်မှာပါ။ ကျွန်တော်တို့တိုင်းက ထွက်တဲ့လျှပ်စစ်ကို လှိုင်သာယာကိုလည်း ပို့မယ်ဆို တစ်နိုင်ငံလုံးကို ဖြန့်ဖြူးပေးသလိုဖြစ်မှာပါ”ဟု လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးကပြောသည်။

ယင်းစီမံကိန်း၏ ၏ ပထမအဆင့်အား ၃၆ လနှင့် ဒုတိယအဆင့်ကို ၄၂ လအတွင်း ပြီးစီးပါက စုစုပေါင်း မဂ္ဂါဝပ် ၁၃၉၀ ခန့် အား Zhefu & Supreme ကုမ္ပဏီ က ထုတ်လုပ်သွားမည်ဖြစ်ကြောင်းကို ဝန်ကြီးဦးဝင်းဌေးက ပြောသည်။

မဂ္ဂါဝပ် ၃ ထောင်ကျော် အထိ ထုတ်ပေးနိုင်မည့် ကျောက်ဖြူ CCGT စီမံကိန်းအပါအဝင် LNG ဓာတ်အားပေး စက်ရုံများ တည်ဆောက်အကောင်အထည်ဖော်မည်ဖြစ်ပြီး ထားဝယ် ကန်ပေါက် LNG to Power စီမံကိန်း၊ မီးလောင်ဂျိုင် LNG to Power စီမံကိန်း၊ အလုံ LNG to Power စီမံကိန်းများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းဆောင်ရွက်မည့်ကုမ္ပဏီများသို့ Notice to Proceed ပေးအပ်သည့်အခမ်းအနားကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် Horizon Lake View Hotel နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်ခဲ့သည်။

လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးတွင် လျှပ်စစ်သုံးစွဲမှု မဂ္ဂါဝပ် ၁၀၀ ခန့် သုံးစွဲနေပြီး စက်မှုဇုန် များတွင် မဂ္ဂါဝပ် ၃၀ ခန့် သုံးစွဲရန် ရည်ရွယ်ထားကြောင်း သိရသည်။

“ အသေးစက်မှုလက်မှု SME တိုးတက်ဖို့လျှပ်စစ်လိုတယ်၊ဒီ လျှပ်စစ်ကြောင့်လည်း အသေးစား၊ အလတ်စား လုပ်ငန်းတွေလည်း တိုးတက်သွားမှာပါ ဟု တိုင်းဝန်ကြီးက ပြောသည်။ လက်ရှိတွင် ညောင်တုန်းစက်မှုဇုန်၊ မအူူပင်စက်မှုဇုန်နှင့် ပုသိမ်စက်မှုဇုန်များတွင် လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်ရန် တိုင်းအစိုးရမှ စီမံဆောင်ရွက်နေ သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တစ်နိုင်ငံလုံးတွင်  လျှပ်စစ်ဓာတ်အား ရရှိမှု အနည်းဆုံးမှာ တနင်္သာရီတိုင်း ဒေသကြီး ပြီးလျှင် ဧရာဝတီတိုင်းဒေသကြီးသည် ဒုတိယအနည်းဆုံးရရှိခြင်းဖြစ်ကာ ၁၂ ရာခိုင်နှုန်းသာ ရရှိနေကြောင်း ထုတ်ပြန်ထားသည်။

 “တိုင်းဒေသကြီး ကျေးရွာတွေ လျှပ်စစ်ဓါတ်အားရရှိဖို့ကို မြို့တစ်မြို့ကို ကျေးရွာ ၂ ရွာရွေးပြီးတော့ မီးလင်းရေးကို ဆောင်ရွက်နေတယ် ၊အခုက ကုမ္ပဏီတွေ စမ်းသပ်မှုတွေ လုပ်နေပါတယ်၊ ဧရာဝတီတိုင်း ဒေသကြီးမှာ ဆိုလာလျှပ်စစ်ဓါတ်အားရရှိမှုက အခု ၁၇ ရာနှုန်းကျော် အထိ ရှိလာပြီ”ဟု လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက မဇ္ဈိမသို့မီးရရှိမှုနှင့်ဆောင်ရွက်ထားမှု အခြေအနေကို ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လျှပ်စစ်အနည်းဆုံးရရှိသောမြို့နယ်တို့မှာ လေးမျက်နှာမြို့နယ်၊ ငပုတောမြို့နယ်၊ သာပေါင်းမြို့နယ်တို့ဖြစ်ပြီး  လေးမျက်နှာမြို့နယ်တွင် အိမ်ထောင်စု ၁၃၂၀ ၊ငပုတောမြို့နယ်တွင် ၂၀၀၅ အိမ်ထောင်စုနှင့် သာပေါင်းမြို့နယ်တွင်၂၁၉၇အိမ်ထောင်စုတို့သာ ရရှိထားသည်။

ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်မြို့တွင်မူ လျှပ်စစ်ဓာတ်အားရရှိမှုအခြေအနေမှာ အိမ်ထောင်စု ၃၀၄၁၂ စု ရရှိနေကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly