အကြိမ် ၂၀ ကျော် ခွဲစိတ်မှုခံယူခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် "သစ်ပင်လူသား" ရဲ့ မူလရောဂါဟောင်း ပြန်ထလာပြန်

အကြိမ် ၂၀ ကျော် ခွဲစိတ်မှုခံယူခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် "သစ်ပင်လူသား" ရဲ့ မူလရောဂါဟောင်း ပြန်ထလာပြန်

ဖေဖော်ဝါရီ ၂ ။          ။ ခန္ဓာကိုယ်ပေါ်မှာ သစ်ပင်သစ်ခေါက်သဖွယ် အဖုအထစ်တွေ ထွက်တဲ့ ရှားပါးရောဂါတစ်မျိုးကို ထူးထူးဆန်းဆန်း ခံစားနေခဲ့ရတဲ့ အဘူလ် ဘာဂျန်ဒါ အမည်ရ ဘင်္ဂလားဒေ့ရှ် "သစ်ပင်လူသား" ကတော့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အကြိမ်ကြိမ် ခွဲစိတ်ကုသမှုခံယူပြီး ရောဂါ သက်သာပျောက်ကင်းသွားခဲ့ပြီလို့ ထင်ခဲ့ရပါတယ်။

ဒါပေမယ့် ၎င်း "သစ်ပင်လူသား" အမျိုးသားဟာ စုစုပေါင်း ခွဲစိတ်ခံယူမှုအကြိမ်အရေအတွက် ၂၄ ကြိမ်အထိလုပ်ထားပြီးခဲ့ပြီ ဆိုပေမယ့်လည်း ယခုအခါမှာတော့ ၎င်းရဲ့ ရောဂါဟောင်း ပြန်ပေါ်လာခဲ့ပြန်ပြီ   ဖြစ်ကြောင်း သိရပါတယ်။

ဘာဂျန်ဒါဆီမှာ အဆိုပါ ထူးဆန်းတဲ့ ရောဂါ စွဲကပ်နေခဲ့တာဟာ ဆယ်စုနှစ်တစ်စုကျော်ကြနေခဲ့ပြီ ဖြစ်ပြီး ရောဂါ ပုံစံကတော့ ၎င်းရဲ့ ခြေလက်တွေမှာ သစ်ပင်သဏ္ဍာန် အဖုအထစ် တွေ ထွက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကတော့ ၎င်းရဲ့ ခြေလက်တွေပေါ်က အဆိုပါ အဖုအထစ်တွေကို ဆရာဝန်တွေက ခွဲစိတ်ဖြတ်တောက်ကုသပေးခဲ့ရပါတယ်။ ယင်းနောက် ၎င်းရဲ့ ရောဂါကို ကုသလိုက်နိုင်ပြီဆိုပြီးတော့တောင် ဆရာဝန်တွေက ကြေညာခဲ့ပါတယ်။

ဒါပေမယ့် ယခုအခါမှာ ဘာဂျန်ဒါရဲ့ လက်တွေမှာ အဆိုပါ အဖုအထစ်တွေ အရင်အတိုင်း ပြန်ထလာနေပြန်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ဘာဂျန်ဒါမှာ ခံစားနေရတဲ့ ရောဂါဝေဒနာမှာ မူလ ထင်ထားတာထက်တောင် ပိုရှုပ်ထွေးလာနေပြီ ဖြစ်ကြောင်း ခွဲစိတ်ဆရာဝန် ဆာမန်သာ လယ်ဆန်က ပြောပါတယ်။ မနှစ်တုန်းကတော့ ဘာဂျန်ဒါရဲ့ အဆိုပါ ဝေဒနာကို ကုသနိုင်လိုက်ပြီဖြစ်ပြီး နိုင်ငံဆေးကုသမှု သမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူလိုက်နိုင်တယ်ဆိုပြီး လယ်ဆန်က ထုတ်ဖော်ကြေညာထားခဲ့ပါသေးတယ်။

ယခုအချိန်မှာ ဘာဂျန်ဒါအနေနဲ့ အလုပ်မလုပ်နိုင်တော့တာ နှစ်ချီကြာနေပြီ ဖြစ်ပါတယ်။ ၎င်းရဲ့ ဇနီးနဲ့ သမီးဖြစ်သူတို့ လည်း ဆေးရုံမှာ ပဲ နေနေကြရပါတယ်။ သူ့ဝေဒနာကို ဘယ်တော့မှ ကုလို့ မရတော့မှာကို စိုးရိမ်နေရပြီဆိုပြီး အသက် ၂၇ နှစ်အရွယ် ဘာဂျန်ဒါက ဝမ်းနည်းပက်လက် ဖွင့်ဟသွားခဲ့ပါတယ်။

ဒါ့အပြင် ၎င်းအနေနဲ့ နောက်ထပ် ဆေးစရိတ်အတွက် ငွေကုန်ရမယ့်အပေါ်ပါ ပူပန်နေရလျက်ရှိကြောင်း သိရပါတယ်။

ယခုအချိန်မှာ ဘာဂျန်ဒါရဲ့ ရောဂါကို ထပ်မံ ပျောက်ကင်းအောင် ကုသနိုင်ဖို့အတွက် ဆက်လက်ပြီး အချိန်ယူကာ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ဆရာဝန်ဖြစ်တဲ့ လယ်ဆန်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly