သောက်သုံးရေ ကောင်းစွာရရှိနိုင်သော ရေတိမ်ဒေသကို ထိန်းသိမ်းရန် လိုအပ်

သောက်သုံးရေ ကောင်းစွာရရှိနိုင်သော ရေတိမ်ဒေသကို ထိန်းသိမ်းရန် လိုအပ်

 

မန္တလေး၊ဖေဖော်ဝါရီ ၂ ။          ။ သောက်သုံးရေ ကောင်းစွာရရှိနိုင်သော ရေတိမ်ဒေသကို ထိန်းသိမ်းရန် လိုအပ်ပြီး မန္တလေးမြို့နေလူထု နှင့်ကျောင်းသား၊ကျောင်းသူများအား ရေတိမ်ဒေသအရေးပါပုံကို သိရှိထိန်းသိမ်းတတ်စေရန် ၂၀၁၈ခုနှစ်၊ ကမ္ဘာ့ရေတိမ်များနေ့ အခမ်းအနားကို မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္ကသိုလ်၊ အင်းဝဆောင်တွင်ဖေဖော်ဝါရီလ ၂ ရက်၊နံနက် ၉ နာရီက ပြုလုပ်သည်။

အဆိုပါအခမ်းအနားကို မြန်မာငှက်နှင့်သဘာဝထိန်းသိမ်းရေးအသင်း (Myanmar Bird & Nature Society) နှင့် River Bank Art Ctner တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ မန္တလေးတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ မန္တလာကောလိပ်၊ ကျောက်ဆည်တက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်တို့မှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ကျောင်းသူများနှင့်ဖိတ်ကြားထားသည့် မြို့ခံအချို့ တက်ရောက်ခဲ့ကြကာ မြန်မာငှက်နှင့်သဘာဝထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာသိန်းအောင်နှင့်အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ သီရိဒေဝီအောင်တို့က ဆွေးနွေးဟောပြောခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ ရေတိမ်ဒေသရှိလို့ အဲဒီအကျိုးကို ခံစားရတယ်။ရေအသက် တစ်မနက်ပါ။သက်ရှိတိုင်း လိုအပ်တယ်။ ရေတိမ်ဒေသရှိမှ သောက်သုံးရေ ကောင်းကောင်းရမယ်။ ကျွန်တော်တို့စားနေတဲ့ ဆန်စပါးက ရေရှိမှ စိုက်လို့ရတယ်။ ရေတိမ်ဒေသရှိလို့ လယ်စိုက်လို့ရတယ်။ မြန်မာနိုင်ငံက ရေတိမ်ဒေသ ကောင်းမွန်တယ်။ မျက်မှောက်ကာလ ငါးနှစ်ကာလမှာ ရေချို ရှားပါးမှုတွေ နွေရာသီမှာ ရေလှူတဲ့ စနစ်တွေ ဖြစ်လာပြီး။ဒါတွေက ဘာကိုပြောသလဲဆိုရင် ရေတိမ်ဒေသ ချို့ယွင်းမှုကြောင့် အားနည်းမှုကြောင့် ရေချိုရရှိမှု နည်းလာတယ်။ ဒါတွေကို မထိန်းသိမ်းဘူးဆိုရင် တစ်နေ့ကျရင် ရေတိမ်ဒေသ ပျက်စီးဆုံးရှုံးမှုကြောင့် ပြဿ နာတွေ ရင်ဆိုင်လာရနိုင်တယ် ” ဟု မြန်မာငှက်နှင့်သဘာဝထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ သိန်းအောင်က ပြောသည်။

သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနှင့် အဆိုပါကိစ္စရပ်များကို ကြိုတင် ပြင်ဆင် စီမံချက် ရေးဆွဲပြီး ထိန်းသိမ်းမှု များ ပြုလုပ်သင့်ကြောင်းပါ အကြံပြု ပြောဆိုခဲ့သည်။

လူအများနေ့စဉ် မြင်တွေ့နေရသော မြစ်ချောင်း၊ အင်းအိုင်၊ ဆည်၊ မြောင်း၊ တာတမံ၊ လယ်ယာ စသည့် မြေပေါ်မြေအောက် ရေရှိနေသော နေရာဒေသများကို ရေတိမ်ဒေသဟု သတ်မှတ်ထားပြီး ရေတိမ်ဒေသတွင် သီးနှံစိုက်ပျိုး ဖြစ်ထွန်းခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော သောက်သုံးရေ ရရှိခြင်း စသော အကျိုးကျေးဇူး များစွာ ရရှိရာ အဆိုပါ ရေတိမ်ဒေသသည် လူတို့အတွက်သာမက တောရိုင်းတိရစ္ဆာန်များအတွက်ပါ အကျိုးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည်၂၀၀၅ခုနှစ်က နိုင်ငံတကာ အရေးကြီး ရေတိမ်ဒေသထိန်းသိမ်းရေး အဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ မိုးယွန်းကြီး ဘေးမဲ့တော၊ အင်းတော်ကြီးအင်း၊ မိန်းမလှကျွန်း၊ မုတ္တမ ပင်လယ်ကွေ့ စသော နေရာ၄နေရာကို အရေးကြီး ရေတိမ်ဒေသအဖြစ် သတ်မှတ်ကာ ထိန်းသိမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

"မန္တလေးမြို့ ပတ်ဝန်းကျင်ပေါ့။ဥပမာ တောင်သမန်အင်းပေါ့။တောင်သမန်အင်းက ဦးပိန်တံတားနဲ့ ပတ်သက်ပြီး Eco Tourism နေရာတစ်ခုဖြစ်လာတယ်။ Eco Tourismကို မှီပြီးတော့ စားသောက်ဆိုင်တွေ ဘီယာဆိုင်တွေ ဈေးဆိုင်တွေ ပေါ်လာတယ်။ဧည့့်သည်ဝင်ရောက်မှု များလာလေလေ အဲဒီပတ်ဝန်းကျင်ကို မှီခိုပြီး စီးပွားရေး လုပ်ငန်းလုပ်လာတာတွေ များလာတယ်။ အဲလို များလာတာနဲ့အမျှ ရေတိမ်ဒေသကို ထိခိုက် စေတာတွေ ပေါ်လာတယ်၊ ဥပမာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေ ရှိလာတယ်” ဟု ဒေါက်တာ သိန်းအောင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် တောင်သမန်အင်း၊ ကန်တော်ကြီး၊ ပလိပ်အင်းစသည့် ရေတိမ်ဒေသများ ရှိနေသော် လည်း လက်ရှိတွင် သဘာ၀ ဂေဟစနစ် ပျက်စီးလာနေခြင်းကြောင့် ဆောင်းခိုငှက်များ လာရောက်မှု လျော့နည်း  လာသည်ကို တွေ့ရသည်။

ရေတိမ်ဒေသထိန်းသိမ်းနိုင်ရန်အတွက် ဒေသခံများကို ပညာပေးမှုများလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly