ရွှေ့ပြောင်းဝင်ရောက်သူများအရေးမှာ ထောင်ချောက်မမိစေနဲ့ဟု ထရမ့်ပြော

ရွှေ့ပြောင်းဝင်ရောက်သူများအရေးမှာ ထောင်ချောက်မမိစေနဲ့ဟု ထရမ့်ပြော

နယူးယောက်၊ ဖေဖော်ဝါရီ ၂ ။              ။ Dreamers အိပ်မက်မက်သူများအဖြစ် ခေါ်ဝေါ်ကြသည့် အမေရိကန်နိုင်ငံအတွင်း ကလေးဘဝမှ ရောက်ရှိပြီး အထောက်အထားမဲ့ နေထိုင်နေသော   ရွှေ့ပြောင်းလူငယ်များသည် အမှန်တကယ် အိပ်မက်မက်သူများ မဟုတ်၍ မခေါ်ဝေါ်ကြသင့်ကြောင်း၊ ထိုပြင် ပြည်သူများအနေဖြင့် ရွှေ့ပြောင်းဝင်ရောက်သူများအရေးတွင်   ထောင်ချောက်မမိစေသင့်ကြောင်း  သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁ ရက်တွင် ရီပတ်ဘရီကန်အမတ်များ ရှေ့မှောက် မှတ်ချက်ပြု ပြောခဲ့သည်။

အမေရိကန်နိုင်ငံအတွင်း ကြီးပွားတိုးတက်ရာကို မျှော်မှန်းသော ထိုသို့သော ကလေးဘဝမှ စရောက်ကာ အရွယ်ရောက်နေသည့် အိပ်မက်မက်သူများကို အကာအကွယ်ပေးထားသော ကလေးဘဝမှ ရွှေ့ပြောင်းရောက်ရှိနေသူများအတွက် ထောက်ထားညှာတာရေး လုပ်ဆောင်ချက် DACA စီမံကိန်းနှင့် ပတ်သက်ပြီး “DACA စီမံကိန်းကို ကျွန်တော် ကြားတာ နှစ်တော်တော်ကြာပြီ။ တစ်ချို့တွေက သူတို့ကို အိပ်မက်သူများအဖြစ် ခေါ်နေကြတယ်။ မဟုတ်ဘူး။ သူတို့ဟာ အိပ်မက်သူများ မဟုတ်ဘူး။ လှည့်ဖျားထောင်ချောက်တွေထဲ တိုးဝင်မမိကြစေနဲ့။”ဟု အနောက်ဗာဂျင်းနီးယားက ရီပတ်ဘရီကန်အမတ်များ ဆောင်းရာသီစည်းဝေးပွဲ၌ ထရမ့်က မိန့်ခွန်းပြောခဲ့ခြင်း ဖြစ်သည်။

ထရမ့်အနေဖြင့် အဆိုပါ DACA စီမံကိန်းကို ပယ်ဖျက်ထားပြီး ၎င်းစီမံကိန်းသည် မတ် ၅ ရက်တွင် သက်တမ်းကုန်မည်ဖြစ်သည်။

“ကျွန်တော် ပြောပါမယ်။ ကျွန်တော်တို့ကလည်းပဲ အိပ်မက်သူများပဲ ဖြစ်တယ်။ ဒီနိုင်ငံတွင်းက အိပ်မက်သူများပါပဲ။ ကျွန်တော်တို့တွေရဲ့ အိပ်မက်တွေကိုတော့ မမေ့လိုက်ကြပါနဲ့။”ဟု ထရမ့်က ဆက်လက်ပြောဆိုသည်။

ကလေးဘဝမှ ရွှေ့ပြောင်းရောက်ရှိပြီး လူငယ်အရွယ် ရောက်နေကြသော အထောက်အထားမဲ့ ပြည်ပနိုင်ငံသားပေါင်း ဦးရေ ရှစ်သိန်းနီးပါးကို ပြည်နှင်ဒဏ်ပေးခြင်းမှ အကာအကွယ်ပေးရေးအတွက် ယခင်သမ္မတဟောင်း အိုဘားမားလက်ထက်က ချမှတ်ဖော်ဆောင်ခဲ့သော DACA စီမံကိန်းကို အဆုံးသတ်ရန် ပြီးခဲ့သည့် စက်တင်ဘာက ထရမ့်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လူငယ်ဦးရေ ရှစ်သိန်းနီးပါးသော အိပ်မက်မက်သူများ အရေးကို ဥပဒေပြုဖြေရှင်းရေး မတ် ၅ ရက် မကျော်လွန်မီ နည်းလမ်းရှာရန်လည်း ထရမ့်က ကွန်ဂရက်လွှတ်တော်ကို အကြောင်းကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly