နိုင်ငံ့ဝန်ထမ်း အလုပ်လျှောက်သူများ “နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံချက်” ပေးစရာ မလိုတော့

နိုင်ငံ့ဝန်ထမ်း အလုပ်လျှောက်သူများ “နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံချက်” ပေးစရာ မလိုတော့
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေကြသည့် ပုဂံဒေသခံများကို ၂၀၁၇ခုနှစ်အတွင်းက တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၂ရက်၊ ၂၀၁၈ခုနှစ်)။ ။ ဝန်ထမ်းသစ်များ ခန့်ထားရန် လျှောက်လွှာခေါ်ယူရာတွင် “နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံချက်” လိုအပ်သည်ဟု သတ်မှတ်ပြဌာန်းထားခြင်း မရှိကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဖြစ်သူ ဒေါက်တာဝင်းသိန်းက ပြောကြားသည်။

“နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများတွင် ဝန်ထမ်းသစ်များ ခန့်ထားနိုင်ရေးအတွက် လျှောက်လွှာခေါ်ယူရာ၌ ပါတီနိုင်ငံရေးနှင့်စပ်လျဉ်း၍ သတ်မှတ်ပြဌာန်းထားခြင်း မရှိပါ” ဟု ဖေဖော်ဝါရီ ၂ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဒေါက်တာဝင်းသိန်းက ပြောသည်။

ဝန်ကြီးဌာနများမှ ဝန်ထမ်းသစ်များ ခန့်ထားနိုင်ရေးအတွက် လျှောက်လွှာခေါ်ယူရာတွင် “နိုင်ငံရေးကင်းရှင်းကြောင်း သက်ဆိုင်ရာမှ ထောက်ခံချက်မူရင်း” ဆိုသည့် စည်းကမ်းချက်အား သတ်မှတ်ထည့်သွင်းခြင်း မပြုရန် ဝန်ကြီးဌာနအားလုံးကို ညွှန်ကြားပေးရန် ပဲခူးတိုင်း မဲဆန္ဒနယ်အမှတ်(၆)မှ အမျိုးသားလွှတ်တော်အမတ် ဦးမင်းဦး၏ မေးခွန်းကို ဒေါက်တာဝင်းသိန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွင်း နိုင်ငံပိုင်သတင်းစာမှတဆင့် အလုပ်လျှောက်လွှာခေါ်ယူရာတွင် “နိုင်ငံရေးကင်းရှင်းကြောင်း သက်ဆိုင်ရာမှ ထောက်ခံချက်မူရင်း” လိုအပ်သည်ဟု ပါရှိပြီး ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ မပြည့်စုံသူများကို လုံးဝ(လုံးဝ) ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း ဖော်ပြထားသည်ဟု ဦးမင်းဦးက လွှတ်တော်တွင်  ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၆) ကက)တွင် “နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်” ဟူသော ပြဌာန်းချက်သည် ဝန်ထမ်းမဖြစ်မီ သို့မဟုတ် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်မထမ်းဆောင်မီကာလကို သတ်မှတ်ထားခြင်း မဟုတ်သည့်အတွက် အဆိုပါ “နိုင်ငံရေးကင်းရှင်းကြောင်း သက်ဆိုင်ရာမှ ထောက်ခံချက်မူရင်း” ဆိုသည့်အချက် ထည့်သွင်းတောင်းခံခြင်းသည် နိုင်ငံသားများ၏ အခြေခံအခွင့်အရေးကို မျက်ကွယ်ပြုကာ အခြေခံဥပဒေကို ကျော်လွန် သတ်မှတ်သည့် စည်းကမ်းချက် ဖြစ်နေသည်ဟု ၎င်းက ဆိုသည်။

“တကယ်တမ်းကျတော့ ဝန်ထမ်းတွေ ပါတီနိုင်ငံရေးကင်းရှင်းရမယ်ဆိုတာတောင်မှ ဒီခေတ်ကြီးထဲမှာ သိပ်မလိုအပ်တော့ပါဘူး” ဟု ဦးမင်းဦးက လွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်များကို ပြောသည်။

နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဆ)ပါ “ပါတီနိုင်ငံရေးကင်းရှင်းခြင်း” ပြဌာန်းချက်များတွင်မူ ပြင်ပပုဂ္ဂိုလ် တစ်ဦးအား နိုင်ငံ့ဝန်ထမ်းအဖြစ် အတည်ပြုခန့်ထားပြီးနောက် “ပါတီနိုင်ငံရေး ကင်းရှင်းခြင်း” ကို လိုက်နာရမည့် တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြဌာန်းထားသည်။

ဦးမင်းဦး၏ မေးခွန်းနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ “နိုင်ငံတော်၏ ပြောင်းလဲလာသော အခြေအနေများအရ ထုတ်ပြန်လျက်ရှိသည့် လမ်းညွှန်ချက်နှင့်အညီ ဆက်လက် ဆောင်ရွက်ပေးသွားပါမည်” ဟု ဖြေကြားချက်ပေးပို့လာသည်ဟု ပြည်ထောင်စုရာထူးဝန်ဥက္ကဌက လွှတ်တော်တွင် ပြောဆိုခဲ့သည်။

ယခင် အစိုးရအဆက်ဆက်က ဝန်ထမ်းများခန့်အပ်ရာတွင် နိုင်ငံရေးကင်းရှင်းရမည်ဟူသည့် အချက်ကို အထူးအလေးပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly