ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရန်နှင့်ပညာသင်ခွင့်ရပ်စဲခံရသူများ ကျောင်းပြန်တက်ခွင့်ရရန် မြင်းခြံတွင်ဆန္ဒပြ

ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရန်နှင့်ပညာသင်ခွင့်ရပ်စဲခံရသူများ ကျောင်းပြန်တက်ခွင့်ရရန် မြင်းခြံတွင်ဆန္ဒပြ
(ဓာတ်ပုံ-မြင်းခြံခရိုင် ဗကသ)

 

မန္တလေး၊ဖေဖော်ဝါရီ ၂ ။        ။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ဖေဖော်ဝါရီလ ၂ ရက်၊နံနက် ၁၀ နာရီက ကျောင်းသားတစ်ချို့ ပညာရေးစရိတ်တိုးမြှင့်ပေးရေးနှင့်ကျောင်းရပ်နားခံထားရသည့်   ကျောင်းသား၊ကျောင်းသူများ အမြန်ကျောင်းပြန်လည်တက်ခွင့်ရရှိရေးတို့အတွက် ဆန္ဒပြတောင်းဆိုခဲ့သည်ဟု မြင်းခြံခရိုင် ဗကသ ဥက္ကဋ္ဌ ကိုစည်သူမြင့်က ပြောသည်။

"မတရားကျောင်းထုတ်ခံရတဲ့ကျောင်းသားတွေ ကျောင်းပြန်တက်ခွင့်ရရှိရေး တောင်းဆိုတယ်။ ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့တောင်းဆိုတယ်။"ဟု ကိုစည်သူမြင့်ကပြောသည်။

အဆိုပါတောင်းဆို ဆန္ဒပြပွဲသို့ မိတ္ထီလာ၊ရမည်းသင်း၊မန္တလေး၊ကလေးနှင့်မြင်းခြံ စသည်တက္ကသိုလ်၊ ကောလိပ်တို့မှ ကျောင်းသားအချို့ပါဝင် ဆန္ဒပြတောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

တောင်းဆိုမှုများကို ညှိုနှိုင်းဖြေရှင်းမှုများ မပြုလုပ်ပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်သွားရန် စီစဉ်နေသည်ဟု ကိုစည်သူမြင့်က ဆိုသည်။

"ကျွန်တော်တို့ကျောင်းသားတွေကို ကျောင်းထုတ်လိုက်တဲ့ ဒေါက်တာမျိုးသိမ်းကြီးပေါ့။ သူတို့ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ကြက်ဥနဲ့ပေါက်တဲ့ လှုပ်ရှားမှုလည်း လုပ်ခဲ့ပါတယ်။"ဟု ကိုစည်သူမြင့်က   ပြောသည်။

ဇန်နဝါရီလ ၂၂ ရက်မှစတင်၍ မန္တလေးမြို့၊ရတနာပုံတက္ကသိုလ်တွင် ကျောင်းသားတစ်ချို့က ပညာရေးစရိတ် တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြရာ၊၂၅ ရက်၊နံနက်ပိုင်းတွင် ဆန္ဒပြကျောင်းသားများကို ဖမ်းဆီးခဲ့ပြီး မိဘများထံ ပြန်လည်အပ်နှံကာ ပညာသင်ခွင့်ရပ်နားခံရခြင်းဖြစ်သည်။

လက်ရှိတွင် ရတနာပုံတက္ကသိုလ်မှ ၁၂ ဦး၊ ရမည်းသင်းနည်းပညာတက္ကသိုလ်မှ ၁၁ ဦး ၊ မိတ္ထီလာနည်းပညာ တက္ကသိုလ်မှ ၁ ဦး ၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ၆ ဦး၊ မိုးညှင်းဒီဂရီကောလိပ်မှ ၄ ဦး ၊ စစ်ကိုင်းပညာရေး ကောလိပ်မှ ၃ ဦး နှင့် မိတ္ထီလာတက္ကသိုလ်၉ ဦး၊ ကန့်ဘလူ စက်မှုလက်မှု သိပ္ပံမှ၇ ဦး၊ ကျောက်ဆည် တက္ကသိုလ်မှ ၁ ဦး တို့အပြင် ရတနာပုံတက္ကသိုလ်မှ   ကျောင်းမအပ်ရသေးသည့်   ကျောင်းသား/သူ ၂ ဦးတို့ကို လည်း ပညာသင်ကြားခွင့်ရပ်စဲခဲ့သောကြောင့် စုစုပေါင်း ၅၆ဦး ပညာသင်ခွင့်ရပ်စဲခဲ့ထားရကြောင်း သိရသည် ။

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေးတောင်းဆိုမှုကြောင့် ပညာသင်ကြားခွင့်ရပ်စဲခံထားရသည့် ကျောင်းသား၊သူများအနေဖြင့် နောင်တွင် အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာ ပြစ်မှုများနှင့် ကျောင်းစည်းကမ်း ဖောက်ဖျက်မှုဆိုင်ရာပြစ်မှုများ ကျူးလွန်ခြင်းပြုမည်မဟုတ်ကြောင်း ဝန်ခံကတိနှင့်အတူ မိဘအုပ်ထိန်းသူ၏ ထောက်ခံချက်ဖြင့် အသနားခံစာတင်လာပါက လက်ရှိပညာသင်နှစ်တွင် စာမေးပွဲဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၈) အရဟုဆိုကာ အဆင့်မြင့်ပညာဦးစီးဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly