ဘူးသီးတောင် ဂူတာပြင်ရွာသတင်းနှင့် ပတ်သက်၍ ပြည်နယ်အစိုးရ စီစစ်စစ်ဆေးနေ

ဘူးသီးတောင် ဂူတာပြင်ရွာသတင်းနှင့် ပတ်သက်၍ ပြည်နယ်အစိုးရ စီစစ်စစ်ဆေးနေ
တောင်ပြိုလက်ဝဲ နယ်စပ်ခြံစည်းရိုးအား တွေ့ရစဉ်။ ဓာတ်ပုံ-သူရ

ဖေဖော်ဝါရီ ၁ ။          ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ရွာအနီး  ဘင်္ဂါလီရုပ်အလောင်း ၄၀၀ ခန့် မြှုပ်နှံထားကြောင်း အေပီသတင်းဌာနက ရေးသားခဲ့သည့် သတင်းနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအား စီစစ်ခိုင်းထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

“ အခုပြည်နယ်အစိုးရက ပြန်စီစစ်နေတယ်။ ဂူတာပြင်ဆိုတာက မောင်တောမဟုတ်ဘူး ဘူးသီးတောင်ထဲမှာ ဂူတာပြင် ဖြစ်စဉ် ထိတွေ့မူ တိုက်ပွဲလို့ အဲလိုလည်း မရှိဘူးပေါ့နော်။ အဲဒါကို On ground မှာ ပြန်ပြီးတော့ ရခိုင်ပြည်နယ် အစိုးရကို စီစစ်ခိုင်းထားတယ်” ဟု ပြောသည်။

လက်ရှိတွင် အလောင်း ၄၀၀ တွေ့ရှိသည်ဟု ပြောဆိုချက်မှာ ဘင်္ဂလားဒေ့ရှ်ဖက် ဒုက္ခသည်စခန်းများရှိ ဘင်္ဂါလီများ ပြောဆိုချက်သာဖြစ်၍ အတည်ပြု၍မရနိုင်ကြောင်း ပြောသည်။

“ အလောင်း ၄၀၀ လောက်ကို အတည်ပြုလို့ မရဘူးလေ။ မူရင်းသတင်းက Camp ( ဒုက္ခသည်စခန်း)မှာ ရှိတဲ့ လူတွေကို မေးပြီးတော့ အဲလူတွေ ပြောနေတာတွေကို ပြောနေတာ။ အလောင်းတွေ ဖော်ပြီး တွေ့နေတာတွေ ပြောတာ မဟုတ်ဘူး။ မီးလောင်တဲ့ဟာကလည်း အဲဒါက ဂေါ်ဒူသာရ မီးလောင်တာ ထင်တယ်။ ဗီဒီယိုဖိုင်က အဲက မီးလောင်တာတွေ မဟုတ်ဘူး။ အဲဒါတွေ ပြောနေတာက ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ဒုက္ခသည် စခန်းက ဘင်္ဂါလီတွေ ပြောနေတာ။ အဲဒါကြောင့် စီစစ်ခိုင်းထားတာ ဆိုတာ အဲဒါ ပြောတာ” ဟု ဦးဇော်ဌေးက ပြောသည်။

အေပီသတင်းတွင် အဆိုပါနေရာ၌ အလောင်း ရာနှင့်ချီ မြှုပ်နှံထားကြောင်း ဖော်ပြထားသည်ဟု ဘီဘီစီ သတင်းဌာနမှ ကိုးကားထားသည်။

ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနှစ်နိုင်ငံအစိုးရအကြား သဘောတူညီထားမှုအရ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်မှ စတင်လက်ခံသွားမည် ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်ဖက်မှ စီစစ်မှုများရှိနေသောကြောင့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly