အတိုက်အခံဆိုတဲ့ စကားလုံး မသုံးစကောင်း ရဲဘော်ရဲဘက်သာ အကောင်းဆုံးလို့ ဒေါ်စုပြော

အတိုက်အခံဆိုတဲ့ စကားလုံး မသုံးစကောင်း ရဲဘော်ရဲဘက်သာ အကောင်းဆုံးလို့ ဒေါ်စုပြော
ယနေ့ကျင်းပသည့် လွှတ်တော်(၂)နှစ်မြောက် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၁ရက်၊ ၂၀၁၈ခုနှစ်)။ ။ အတိုက်အခံခေါင်းဆောင်အဖြစ် ဆယ်စုနှစ်များစွာ အများက သတ်မှတ်ခြင်းခံထားရသူ ဒေါ်အောင်ဆန်းစုကြည်က အတိုက်အခံဟူသည့် စကားလုံး မနှစ်သက်ဘဲ ရဲဘော် ရဲဘက်သာ ဖြစ်သင့်ကြောင်း လွှတ်တော်သက်တမ်း(၂)နှစ်ပြည့် အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားလိုက်သည်။

“အတိုက်အခံ ဆိုတဲ့ စကားလုံးကို ကျွန်မ သိပ်မကြိုက်ဘူး။ တိုက်မလား ခံမလားဆိုတဲ့ သဘောရှိတယ်။ တကယ်တော့ အတိုက်အခံ ဆိုတာ ဒီလို မဖြစ်သင့်ပါဘူး။ အတိုက်အခံ ဆိုတာဟာ နိုင်ငံ့အကျိုးကိုပဲ ကြည့်ပြီးတော့ ကူညီသင့်တဲ့အခါမှာ ကူညီရမယ်။ အတူလက်တွဲသင့်တဲ့အခါမှာ လက်တွဲရမယ် ထောက်ပြသင့်တဲ့အခါမှာ ထောက်ပြရမယ် ဝေဖန်သင့်တဲ့အခါမှာ ဝေဖန်ရမယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သူမနေအနေဖြင့် ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်တွင်းရောက်ရှိခဲ့သည့် ၃နှစ်အတွင်း မတူညီသည့် အဖွဲ့အစည်းများ၊ အစုအဖွဲ့များနှင့် ပူးပေါင်းပြီး နိုင်ငံ့အကျိုး မည်သို့မည်ပုံထမ်းဆောင်မည်ကို အပြည့်အဝ သင်ယူခဲ့ပြီး ယနေ့ အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်ရာတွင်လည်း များစွာ အထောက်အကူပြုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ကိုယ်နဲ့ တူတဲ့ လူတွေမှ လုပ်နိုင်မယ်ဆိုတာတော့ အမှန်ပြောရရင် ဒီမိုကရေစီ စိတ်ဓာတ်မဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာကတော့ မတူကွဲပြားမှုကို လက်ခံတယ်၊ မတူ ကွဲပြားမှုအပေါ်မှာ အခြေခံတဲ့ နိုင်ငံအတွက် လိုအပ်တဲ့ ညီညွတ်မှုကို ရအောင်ယူနိုင်မယ်ဆိုတဲ့ စိတ်ဓာတ်အရ ပေါ်ပေါက်လာရတဲ့ စနစ်ပါ” ဟု တက်ရောက်လာသူများကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်အားလုံးသည် တစ်ဦးနှင့်တစ်ဦး မိတ်ဆွေများ၊ ရဲဘော်ရဲဘက်များသဖွယ် သဘောထားပြီး ဆက်ဆံကြရန် အင်မတန်အရေးကြီးသည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတိပေးစကား ဆိုခဲ့ပြီး ထိုမှသာ နိုင်ငံနှင့်ပြည်သူ့အကျိုးကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်မည်ဟု ပြောကြားခဲ့သေးသည်။

အဆိုပါ ပြောကြားမှုများသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ထားသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို ချန်လှပ်ပြီး ပြောခြင်းမဟုတ်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားတွင် အောက်ပါအတိုင်း ပြောကြားသည်။

“ကျွန်မက ရွေးကောက်တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေလို့ ပြောလို့ ကျွန်မတို့ တပ်မတော်သားကိုယ်စားလှယ်တွေကိုချန်ပြီး ပြောတာမဟုတ်ပါဘူး။ ဒါဟာ အားလုံးကနေ စုပေါင်းပြီးတော့ လုပ်ရပါမယ်။ နိုင်ငံအတွက်ဆိုလို့ရှိရင် ဘယ်အစုအဖွဲ့က ဘယ်အစုအဖွဲ့နဲ့ မတည့်နိုင်ဘူးဆိုတာ လုံး၀ မရှိသင့်ဘူး။ နိုင်ငံ့အကျိုးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိတယ်ဆိုတာဟာ ဘယ်တော့မှ မဖြစ်ရဘူး။ နိုင်ငံအကျိုးအတွက်ဆိုရင် ဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်နိုင်ရမယ်” ဟု သူမက ဆိုသည်။

နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ ထမင်းစားခန်းမဆောင်ကြီးတွင် ဖေဖော်ဝါရီ ၁ရက်က ပြုလုပ်သည့် လွှတ်တော်(၂)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော်လည်း အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။ ယမန်နှစ်က ကျင်းပည့် (၁)နှစ်မြောက် နှစ်ပတ်လည်း အခမ်းအနားတွင်လည်း တက်ရောက်ခြင်း မရှိခဲ့ပေ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနေဖြင့် အတိုက်အခံကောင်းအဖြစ် ရပ်တည်သွားမည်ဟု ပါတီဥက္ကဌ ဦးသန်းဌေးက ပြောကြားထားသည်။

 

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly