ငြိမ်းချမ်းရေးအတွက် အမျိုးသမီးတို့ စကား

ငြိမ်းချမ်းရေးအတွက် အမျိုးသမီးတို့ စကား

 

နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ဟာနံပတ်တစ်အရေးဖြစ် တယ်ဆိုတာမည်သူမှငြင်းနိုင်ကြလိမ့်မယ်မဟုတ်ပါဘူး ။ ငြိမ်းချမ်းရေးလို့ ပြောဆိုနေရတာကလည်း မငြိမ်းချမ်းလို့သာလျင် ပြောနေဆိုနေဆောင်ရွက်အားထုတ်နေရတာပဲဖြစ်ပါတယ် ။ ကမ္ဘာကြီးနဲ့ နှိုင်းယှဉ် ကြည့်မယ်ဆိုရင်လည်း ကမ္ဘာပေါ်ကမငြိမ်းချမ်းတဲ့ နိုင်ငံတွေထဲ ကျွန်တော်တို့နိုင်ငံကလည်း ထိပ်ဆုံးမှာပါဝင်နေပါတယ် ။ မငြိမ်းချမ်းတဲ့နောက်ဆက်တွဲတွေကဆင်းရဲမှုပြဿနာတွေနဲ့ စစ်ဘေးရှောင် မြေစာပင်ပြည်သူများပဲဖြစ်ပါတယ် ။ မငြိမ်းချမ်းတဲ့တိုက်ပွဲတွေ ရပ်စဲကြဘို့ကိုလည်း နည်းအမျိုးမျိုးနဲ့လုပ်ဆောင်နေကြတာလည်းအားလုံးအသိပဲဖြစ်ပါတယ် ။ ငြိမ်းချမ်းရေးဆောင်ရွက်တဲ့နည်းစနစ်တွေမှန်ကန်မှု ရှိမရှိ ၊စေတနာသဘောထားမှန်မှုမမှန်မှုဆိုတာနဲ့ ငြိမ်းချမ်းရေး ရမရဆိုတာက တိုက်ရိုက်အချိုးကျနေတယ်ဆိုတာလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မှာပါဝင်တဲ့ အစိုးရ ၊ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ သိရှိပြီးစေတနာမှန်မှန်နဲ့ အပေးအယူ ညီညွတ်မျှတကြဘို့လည်း အထူးကို လိုအပ်လှပါတယ် ။

ငြိမ်းချမ်းရေးကိုဆောင်ရွက်တဲ့အခါ ငြိမ်းချမ်းဘို့အဖြေရှာကြတဲ့အခါမှာဖော်ပြပါ အစိုးရ ၊ တပ်မတောနှင့် လက်နက်ကိုင်အဖွဲ့အစည်းတွေတင်မကမငြိမ်းချမ်းတဲ့စစ်ပွဲတွေ ကြားထဲမှာဓားစာခံဖြစ်နေတဲ့ ကလေးသူငယ်တွေရဲ့ဘဝတွေနဲ့အမျိုးသမီးတွေရဲ့အသံတွေ၊သဘောထားတွေကလည်းအရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ဘို့ကိုလည်း ဦးစားပေးထည့်စဉ်းစားရမှာပဲဖြစ်ပါတယ် ။ ၂၁ ရာစုပင်လုံညီလာခံ (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ )မှာတိုင်ရင်းသားလက်နက်ကိုင်တွေ အားလုံးပါဝင်ဘို့ တက်တက်ကြွကြွ လှုပ်ရှားနေတဲ့ ABSDF ဗဟိုကော်မတီဝင် ဒေါ်မိဆူးပွင့်ကတော့. .

၂၁ ပင်လုံမှာလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးအတူတကွ ပါဝင်နိုင်ဖို့အတွက် ကြိုးစားနေကြတယ်ဆိုတဲ့အကြောင်း ။သီးသန့် ပြင်ဆင်ထားတယ်ဆိုတာထက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့အတူတူပဲ ပန်းတိုင်အထိ ဆက်လျှောက်ဖို့အတွက် သံဓိဋ္ဌာန်ချထားတာဖြစ်လို့သူတို့နဲ့အတူတူပဲ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးဖို့အတွက် အခွင့်အလမ်းတွေ ပွင့်လာအောင်၊ပန်းတိုင်အထိရောက်အောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အတူတူဆက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်တဲ့ အထိ ပြည်ထောင်စုသဘောတူချက်ကြီးတွေ ကျတဲ့အထိ ပါဝင်လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်လို့ “ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်နေသူတို့ရဲ့ နေရပ်ပြန်နိုင်ရေးကိစ္စအတွက် သတင်းစာရှင်းလင်းပွဲ” မှာပြောဆိုသွားတာပဲဖြစ်ပါတယ် ။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေပါဝင်ရမယ်လို့ပြောလိုက်တာနဲ့ အတော်များများက “အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံ” လို့ပဲမြင်ကြပါတယ် ။ သူတို့လည်းပါဝင်သလို လက်နက်ကိုင် တိုင်းရင်းသားတွေထဲမှာရှိတဲ့ အမျိုးသမီးတွေလည်းပါဝင်ရမှာဖြစ်တယ်လ့ိုလည်း “အမျိုးသမီးမူဝါဒရေးရာဦးဆောင်အဖွဲ့”ဝင် ဒေါ်လွေးချယ်ရီပြောတာကတော့ .  . .

အနည်းဆုံး ၃၀ ရာခိုင်နှုန်း နိုင်ငံရေးဆွေးနွေးတဲ့ အခန်းကဏ္ဍမှာပါဝင်လာနိုင်ရေးအတွက် အများကြီးကြိုးစားရဦးမယ်ဆိုတဲ့အကြောင်း ၊အမျိုးသမီးပါဝင်မှုလို့   ပြောလိုက်တာနဲ့   တော်တော်များများက အမျိုးသမီးအဖွဲ့ချုပ်ကိုပဲ မြင်ကြပြီးအဲဒီလိုမျိုးမဖြစ်စေချင်ကြောင်း။ “အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ”ကလည်းပါဝင်ပြီးလက်နက်ကိုင် တိုင်းရင်းသားတွေထဲမှာရှိတဲ့ အမျိုးသမီးတွေလည်း ပါဝင်စေချင်ကြောင်း၊မြန်မာနိုင်ငံမှာ အမျိုးသမီးအဖွဲ့တွေအများကြီးရှိပြီး အဲဒီအဖွဲ့တွေပါဝင်လာဖို့အတွက်လည်း တကယ်လည်း လိုအပ်တယ်လို့   မြင်ပါတယ်လို့ပြောတာကိုလည်း ကျွန်တော်တို့ကြားရပါသေးတယ် ။

“ကျားမရေးရာတန်တူညီမျှမှုကွန်ယက်”မှ ဒါရိုက်တာမမေစံပယ်ဖြူ ကတော့ မလွေးချယ်ရီလိုပါပဲအမျိုးသမီး ၃၀ ရာခိုင်နှုံးပါဝင်ဘို့လိုအပ်ပြီး၊အမျိုးသမီးအဖွဲ့တွေ စုပေါင်းပြီးဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်း ၊ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုစောင့်ကြည့်လေ့လာတဲ့ ကော်မတီတွေ ကော်မရှင်တွေ ဖွဲ့စည်းတဲ့နေရာမှာလည်းအမျိုးသမီးတွေ ပါဝင်ခွင့်ရဖို့အတွက် မူဝါဒရေးရာစာတမ်းတွေကိုရေးသားပြုစုပြီး ၊အဓိကကတော့ အမျိုးသမီးတွေ ပါဝင်ဖို့အတွက် ဘယ်အမျိုးသမီးတွေကိုပါဝင်စေရမှာလဲ၊ပါဝင်ဖို့အတွက် ဘယ်သူတွေသင့်တော်သလဲဆိုတဲ့မေးခွန်းတွေကိုဖြေကြားနိုင်ဖို့အတွက်မဟာမိတ်

အဖွဲ့တွေဖွဲ့စည်းထားတာရှိကြောင်း။ အရည်အချင်း ပြည့်ဝတဲ့ အမျိုးသမီးတွေရဲ့ အမည်စာရင်းကိုလည်းရေးသားပြုစုထားကြောင်း ။ မြန်မာအမျိုးသမီးတွေဘက်ကရောလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေဘက်ကရောအမျိုးသမီးစာရင်းတွေကိုပေးပို့သွားမှာဖြစ်တယ်လိုလည်းပြောပြန်ပါတယ် ။ဒါတွေကအမျိုးသမီးတွေရဲ့ အသံတချို့သာဖြစ်ပါတယ် ။

မြန်မာနိုင်ငံမှာအမျိုးသမီးဦးရေကအမျိုးသားဦးရေထက်များလို့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာလည်း မပါရင်မပြီးဘူးလို့ဘဲ ပြောရမှာပဲဖြစ်ပါတော့တယ် ။  ။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly