အကျဉ်းသားများကို စိစစ်ပြီး လွှတ်ပေးရန် သမ္မတထံ လူ့အခွင့်အရေးကော်မရှင် တင်ပြ

အကျဉ်းသားများကို စိစစ်ပြီး လွှတ်ပေးရန် သမ္မတထံ လူ့အခွင့်အရေးကော်မရှင် တင်ပြ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၃၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းသားများ များပြားလွန်းနေသည့်အတွက် စိစစ်လျှော့ချရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က သမ္မတထံ တင်ပြထားသည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

“အကျဉ်းသားတွေကို စတုတ်တိုက်ပြီး လျှော့တာမျိုး မဟုတ်ဘူးပေါ့ဗျာ။ ထောင်ထဲမှာ ဘယ်နှစ်နှစ်နေရင် အဲ့လူကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဆိုရင် ဒုစရိုက်သားတွေ၊ ရာဇဝတ်သားတွေ၊ လူဆိုးတွေ လွတ်ကုန်မှာပေါ့နော်။ အဲ့လိုမဟုတ်ဘဲနဲ့ ကဏ္ဍအလိုက်ပေါ့။ မူးယစ်ဆေးဝါးဆိုရင် ဘယ်လိုလူမျိုးတွေကို လွတ်သင့်တယ်။ မလွတ်ခင်တော့ စိစစ်ရမှာပေါ့လေ” ဟု ဦးယုလွင်အောင်က ပြောသည်။

သက်ကြီးအကျဉ်းသားများ၊ ဂီလာနအကျဉ်းသားများ၊ ပြစ်မှုထက် ကြီးလေးသည့် ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသားများ စသည်တို့ကို စိစစ်ပြီး ပြန်လွတ်ပေးသင့်သလို အကျဉ်းထောင်အတွင်းရှိ အသက်မွေးမှုသင်တန်းများတွင် ထူးချွန်သူများကို လျှော့ရက်ပေးခြင်းဖြင့် အကျဉ်းသားဦးရေ လျှော့ချသင့်ကြောင်း ကော်မရှင်က သမ္မတ ဦးထင်ကျော်ထံ တင်ပြထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ရက်က သမ္မတထံ တင်ပြထားခြင်းဖြစ်ပြီး ယနေ့အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားလာခြင်း မရှိသေးပေ။

“အခုတော့ ပြန်ကြားလာတာ မရှိသေးဘူးဗျ။ သမ္မတကြီးက ကျွန်တော်တို့ တင်ပြီးတော့ သူလည်း ဆေးသွားကုရတာနဲ့ တိုက်ဆိုင်နေတော့ အဲ့ဒါတွေကို အခုမှ ဖတ်တုန်းပဲ ထင်ပါတယ်။ ဒီကိစ္စကလည်း သေချာလေး စဉ်းစဉ်းစားစားလုပ်ရမယ့်ကိစ္စဆိုတော့ ခုဖတ်၊ ခုအမိန့်ချတော့ မဖြစ်ဘူးထင်တယ်။ စဉ်းစားဖို့၊ တိုင်ပင်ဖို့ လိုဦးမှာပေါ့” ဟု ဦးယုလွင်အောင်က ပြောသည်။

အကျဉ်းဦးစီးဌာန၏ စာရင်းများအရ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်/စခန်း စုစုပေါင်း ၉၃ခုတွင် အကျဉ်းသားဦးရေ ၆၆၀၀၀ခန့်သာ ဆံ့သည်ဟု သတ်မှတ်ထားသော်လည်း လက်ရှိ အကျဉ်းသားဦးရေမှာ တစ်သိန်းနီးပါးထိ ရှိနေသည်။

“အကျဉ်းထောင်တွေထဲမှာ အကျဉ်းသား၊ အချုပ်သားတွေ များနေတယ်။ များနေတဲ့ အတွက် အကျဉ်းသား၊ အချုပ်သားတွေလည်း နေထိုင်ရခက်၊ ကျွန်တော်တို့ ဝန်ထမ်းတွေကလည်း အကျဉ်းသား၊ အချုပ်သားဦးရေနဲ့ အချိုးချလိုက်လို့ရှိရင် ဝန်ထမ်းတစ်ယောက်ကို အကျဉ်းသား တစ်ရာကျော် နှစ်ရာလောက် ထိန်းသိမ်းနေရတာ။ အဲ့လောက်ဆိုတော့ ကျွန်တော်တို့က မနိုင်တော့ဘူးဗျ။ အကျဉ်းထောင်ဝန်ထမ်းတွေက ဆောင်ရွက်နေကျ ကိစ္စဖြစ်လို့သာ ထိန်းသိမ်းနိုင်တာ ဖြစ်ပါတယ်။ အဲ့တော့ ပြဿနာမဖြစ်အောင် အတတ်နိုင်ဆုံး ကျားကန်ပြီးတော့ ထိန်းသိမ်းနေရတာ” ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက ဆိုသည်။

ထောင်ထဲတွင် အကျဉ်းသားဦးရေ များလွန်းနေသည့်အတွက် အကျဉ်းသားများအတွက် အိပ်စရာနေရာ အခက်အခဲရှိခြင်း၊ သုံးရေ မလုံလောက်ခြင်း စသည့် အခက်အခဲများ ကြုံတွေ့နေရသည်ဟု အကျဉ်းထောင်များအတွင်း ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့သူ ဦးယုလွင်အောင်က ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။

“တစ်ကယ်တမ်းကျတော့ လူတစ်ယောက်က ၃ပေလောက်မှ လုံလုံလောက်လောက် အိပ်လို့ရတာကိုး။ အဲ့တော့ ၂ပေခွဲလောက်ရရင်ကို မဆိုးလှဘူးလေ။ အခုဟာက လက်မ ၂၀လောက်ပဲ ရတဲ့အခါကျတော့ အကျဉ်းသားတွေမှာ တအား ကြပ်တည်းပြီးတော့ ကျန်းမာရေးအတွက်ပါ စိုးရိမ်ရတာပေါ့ဗျာ။ နောက်တစ်ခုကကျတော့ ရေချိုးရတာ ရေမလုံလောက်တော့ဘူး။ အဲ့တော့ ခွက်ချိန်နဲ့ ချိုးရတော့ ဆပ်ပြာမစင်တာတို့ဘာတို့ဖြစ်ပြီး အသားတွေယားတာတွေ ရှိလာတာပေါ့” ဟု ၎င်းက ပြောသည်။

နေပြည်တော် လွှတ်တော်အဆောက်အဦအနီး ဒရုန်းပျံသန်းရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်(၂)လ ကျခံခဲ့ရသူ ကိုအောင်နိုင်စိုးက “လွတ်ငြိမ်းမျှော်နေကြတဲ့လူတွေကတော့ အများကြီးပဲ။ တချို့ဆို သတင်းကြားတာနဲ့ မစားနိုင်၊ မသောက်နိုင် စိတ်လှုပ်ရှားနေတဲ့လူတွေ ရှိတယ်။ အထူးသဖြင့်တော့ မူးယစ်ဆေး နည်းနည်းလောက်နဲ့ ဖမ်းမိတဲ့သူတို့၊ လောင်းကစားကိစ္စ အသေးအမွှားလေးတွေနဲ့ ရောက်နေသူတွေ၊ စီးပွားရေးလုပ်ရင်း လိမ်လည်မှုနဲ့ စွပ်စွဲခံရတဲ့သူတွေ။ အဲ့လို ပြစ်မှုသေးသေးလေးတွေနဲ့ ထောင်ထဲမှာ ရှိသင့်တာထက်ပိုပြီး အပြစ်ကျခံရသူတွေက လွတ်ငြိမ်းကို ပိုပြီး မျှော်မှန်းကြတယ်” ဟု မှတ်ချက်ပြုသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများစွာဖြင့် ထင်ရှားကျော်စောခဲ့သည့် မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း လက်ရှိတွင်မူ လူ့အခွင့်အရေးချိုးဖောက်မှုများ သိသိသာသာ လျော့နည်းလာသည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က သုံးသပ်သည်။

ယခုလ တတိယပတ်က ထုတ်ပြန်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း(AAPP)၏ အစီရင်ခံစတွင်လည်း လက်ကျန်နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံး လွှတ်ပေးရန် အစိုးရကို တိုက်တွန်းထားသည်။

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly