ချင်းပြည်နယ် မင်းတပ်မြို့နယ်ဘောလုံးအဖွဲ့ချုပ် စတင်ဖွဲ့စည်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်ဘောလုံးအဖွဲ့ချုပ် စတင်ဖွဲ့စည်း
ဓာတ်ပုံ-MFF

ဇန်နဝါရီ ၃၁ ။         ။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ဘောလုံးအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့ကြောင်း ဇန်နဝါရီလ ၃၁ ရက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်သည်။

မင်းတပ်မြို့နယ်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြို့နယ်ဘောလုံးအားကစား တိုးတက်ရေး၊ လူငယ် မျိုးဆက်သစ်များပေါ်ထွက်ရေး၊ လူငယ် သက်တမ်းလိုက် ပြိုင်ပွဲများ၊ အလွတ်တမ်းပြိုင်ပွဲများ ပိုမို စနစ်တကျ ကျင်းပလာနိုင်ရေး တို့ကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြမည်ဟု သိရသည်။

မြို့နယ်ဘောလုံးအဖွဲ့ချုပ်များဖွဲ့စည်းရေးလုပ်ငန်းကော်မတီ တွဲဖက်ထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်နှင့် အဖွဲ့မှ ပြီးခဲ့သည့် ဇန်နဝါရီ ပထမအပတ် အတွင်း ချင်းပြည်နယ်သို့ သွားရောက်၍ မြို့နယ်ဘောလုံး အဖွဲ့ချုပ်များ ဖွဲ့စည်းရေး လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြပြီးနောက် ယခုလို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

မင်းတပ်မြို့နယ်ဘောလုံးအဖွဲ့ချုပ်တွင် ဥက္ကဋ္ဌအဖြစ် ဦးထန်လိန်းဦးဆောင်ပြီး မြို့မိမြို့ဖများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် ကစားသမားဟောင်းများ ပါဝင်ကြကြောင်း သိရသည်။

ချင်းပြည်နယ်တွင် ဟားခါးမြို့ အပါအဝင် အခြားသော မြို့နယ်များသည်လည်း မကြာမီရက်ပိုင်း အတွင်း မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ဆက်လက်ထွက်ပေါ်လာမည်ဖြစ်သည်ဟု   မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

မြို့နယ်ဘောလုံးအဖွဲ့ချုပ်များကို အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ဌာနဆိုင်ရာမှ ၅ ဦး၊ မြို့မိမြို့ဖများ အများဆုံး ၅ ဦးနှင့် ကျွမ်းကျင်ပညာရှင် ၅ ဦး တို့ ပါဝင်ရမည် ဖြစ်သည်။ ကျွမ်းကျင်ပညာရှင်များတွင် ဘောလုံးသမားအစုအဖွဲ့၊ နည်းပြအစုအဖွဲ့၊ ဒိုင်လူကြီးအစုအဖွဲ့၊ အမျိုးသမီးဘောလုံးအစုအဖွဲ့၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးအစုအဖွဲ့တို့မှ ကိုယ်စားလှယ် ၁ ဦးစီ ပါဝင်ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly