မြန်မာ့ပညာရေးအသုံးစရိတ်တိုးမြှင့်ရန် တိုင်းပြည်၏ GDP တန်ဖိုးတက်လာရန် လိုအပ်ဟု ဆို

မြန်မာ့ပညာရေးအသုံးစရိတ်တိုးမြှင့်ရန် တိုင်းပြည်၏ GDP တန်ဖိုးတက်လာရန် လိုအပ်ဟု ဆို

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ။          ။ မြန်မာနိုင်ငံ၏ ပညာရေးအသုံးစရိတ်ဘတ်ဂျက်ကို ၂၀၂၀ခုနှစ်တွင် ၁၅ရာခိုင်နှုန်းသို့ တိုးမြှင့်ရန်  သတ်မှတ်ထား သော်လည်း ပညာရေးအသုံးစရိတ်တိုးတက်စေရန် တိုင်းပြည်၏ GDP ပြည်တွင်းထုတ်ကုန် တန်ဖိုးကို အရင်ဆုံးမြင့်တက်လာရန် ဆောင်ရွက်သင့်ကြောင်း မြန်မာ့သုတေသီပညာရှင်နှင့် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ၏ အကြံပေး ဦးမြင့်အောင်က အကြံပြုပြောခဲ့သည်။

"ပညာရေးအသုံးစရိတ်တိုးမြှင့်ဖို့ဆိုရင် တိုင်းပြည်ရဲ့ GDP ပြည်တွင်းထုတ်ကုန်တန်ဖိုး တက်ရမယ် ။ ပြည်တွင်း ထုတ်ကုန်တန်ဖိုးတက်ဖို့ဆိုရင် သတ္တုတူးဖော်ရေး၊ ကျောက်သံပတ္တပြားရောင်းဝယ်ရေး အဲဒီကနေ အဓိက အကြီးစားစိုက်ပျိုးမှုလုပ်ငန်းတွေ၊ အင်မတန်မှ ဝင်ငွေကောင်းတဲ့ လုပ်ငန်းတွေကနေပြီးတော့ အခွန်ဘဏ္ဍာ ဆောင်တာကို ရှောင်တိမ်းတာတွေ၊ ဥပဒေဘောင်အတွင်းကနေပြီးတော့ တရားဝင် အခွင့်အရေးတွေကို လွယ်လွယ်မှန်မှန်ပြပြီးတော့ ခွင့်ပြုချက်တွေရအောင်လုပ်တဲ့ အခွန်ရှောင်မှုတွေမဖြစ်အောင် ပြည်တွင်းအခွန်များ ဦးစီးဌာနအနေနဲ့ ကြပ်ကြပ်မတ်မတ်လုပ်ဖို့တေ ွပါလာတာပေါ့နော်"ဟု ဦးမြင့်အောင်က ပြောသည်။

ယနေ့ဇန်နဝါရီလ ၃၁ ရက်နေ့၌ ပြုလုပ်သော မြန်မာနိုင်ငံ၏ ပညာရေးအသုံးစရိတ်နှင့်ပတ်သက်၍ သုတေသန ပြုလုပ်ထားမှုများဆွေးနွေးသော သော စကားဝိုင်းတွင် ပြောခဲ့ခြင်း ဖြစ်သည်။

Action Aid Myanmar (AAM)မှ စီစဉ်သော အဆိုပါ စကားဝိုင်းတွင် NGO များ၊ INGO များ၊ သြစတေးလျနိုင်ငံ မှ ပညာရေးလေ့လာသူများပါဝင်ဆွေးနွေးခဲ့ကြပြီး ပညာရေးတွင် အာဂတိလိုက်စားမှုများကို ပပျောက်အောင် ဆောင်ရွက်နိုင်လျှင် စွမ်းဆောင်မှုအားကောင်းလာနိုင်မည်ဟု ပါဝင်သူများ၏ ဆွေးနွေးထောက်ပြမှုများလည်း တွေ့ရသည်။

ပညာရေးအတွက် အသုံးစရိတ်ဘတ်ဂျက်တိုးမြှင့်နိုင်ရန် အဓိကလုပ်ငန်းများဖြစ်သည့် သဘာဝဓာတ်ငွေ့၊ ဆီ၊ ကျောက်မျက်ရတနာ၊ သတ္တုတွင်းထွက်များ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ သစ်တောလုပ်ငန်း၊ ကုန်ထုတ်လုပ်ရေးနှင့် အခြားသောစီးပွားရေးလုပ်ငန်းစသည်တို့မှ အသားတင်အမြတ်ငွေများ တိုးတက်လာစေရန်ဆောင်ရွက်ခြင်း၊ အခွန်နူန်းထားများကောက်ခံခြင်းတို့ကို ဆောင်ရွက်သင့်ကြောင်း အကြံပြုထားပြီး နယ်စပ် တရားမဝင် ကုန်သွယ်မှုများကိုထမ်းချုပ်ခြင်း၊ အခွန်ပေးဆောင်မှုများကို ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ခြင်းတို့ကိုပါ အကြံပြုထားသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံ၏ ပညာရေးအတွက် ဘတ်ဂျက်အသုံးစရိတ်လျားထားချက်မှာ ၈ ရာခိုင်နှုန်းကျော် ရှိနေပြီး ယခင်နှစ်များထက် တက်လာသည်ဟု ဆိုသည်။

"ဒီ ၁၅ ရာခိုင်နှုန်းကို ၂၀၂၀ မှာရောက်ဖို့ဆိုတာက ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ ။  ၂ နှစ်ပဲကျန်တော့တယ် ။ ၈ ရာခိုင်နှုန်း၊ ၉ရာခိုင်နှုန်းလောက်ကို နှစ်ဆနီးပါးတိုးဖို့ဆိုတာ ၂  နှစ်အတွင်းမှာတော့ ခက်လိမ့်မယ်နဲ့တူတာပဲ။ သို့သော်လည်းပဲ လာမယ့် ၄ ၊ ၅ နှစ်အတွင်းမှာတော့ ဖြစ်အောင်တော့လုပ်ရတော့မှာပေါ့ ။ ဒါမှ ပညာရေး ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံရေးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်တဲ့ပညာရေးမျိုး မျှော်မှန်းနိုင်မှာပေါ့လေ"ဟု မြန်မာ့သုတေသီပညာရှင် ဦးမြင့်အောင်က သုံးသပ်သည်။

မြန်မာနိုင်ငံ၏ ပညာရေးဘတ်ဂျက်မှာ ၂၀၁၄-၁၅ဘဏ္ဍာနှစ်တွင် ၅.၉၆%၊ ၂၀၁၅-၂၀၁၆ခုနှစ်ဘဏ္ဍာရေးနှစ်တွင် ၆.၇၉%၊ ၂၀၁၆-၂၀၁၇ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ၈.၀၅% ရှိနေပြီး ၂၀၁၄ ခုနှစ်မှစ၍ ပညာရေးအသုံးစရိတ်မှာ တဖြည်းဖြည်းတိုးတက်လာသည်ကို တွေ့ရသည်ဟု ဆိုသည်။

သို့သော် မန္တလေးရတနာပုံတက္ကသိုလ်တွင် ကျောင်းသား၊ကျောင်းသူတစ်ချို့က ဇန်နဝါရီ ၂၂ ရက်မှစတင်၍ ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ရာ ဇန်နဝါရီလ ၂၅ ရက်၊နံနက်ပိုင်းတွင် သက်ဆိုင်ရာက ထိန်းသိမ်း၍ မိဘများထံပြန်အပ်ခဲ့ပြီး ပါဝင်ခဲ့သူအချို့ကို ပညာသင်ခွင့် ရပ်စဲခဲ့သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနှင့် အာဆီယံဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံတွင် ၁၈.၉%၊ ဗီယက်နမ်နိုင်ငံတွင် ၁၈.၅% တို့ဖြင့် ပညာရေးအသုံးစရိတ်ဘတ်ဂျက်သုံးစွဲမှုနူန်းမှာ မြန်မာနိုင်ငံထက် ပိုမိုများပြားနေသည်ကို တွေ့ရသည်။

၂၀၁၄ မှ ၂၀၁၇ ခုနှစ်အထိ တစ်နိုင်ငံလုံး၏ ဘတ်ဂျက်အသုံးစရိတ် ရာခိုင်နူန်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ အများဆုံးဖြစ်နေပြီး စီမံရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယအများဆုံး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တတိယအများဆုံးဖြစ်နေသည်ကိုတွေ့ရကာ ဘတ်ဂျက်ရာခိုင်နှုန်းအနည်းဆုံးမှာ ပြည်ထဲရေးဝန်ကြီးဌာန ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly