အာဆင်နယ်တွင် တစ်ပတ်လစာငွေ ပေါင် ၁၈၀,၀၀၀ အူဘာမီယန်းရရှိမည်

အာဆင်နယ်တွင် တစ်ပတ်လစာငွေ ပေါင် ၁၈၀,၀၀၀ အူဘာမီယန်းရရှိမည်
 

 

ဒေါ့တ်မွန်တိုက်စစ်မှူးအူဘာမီယန်းဟာ လန်ဒန်ကိုရောက်ရှိနေပြီဖြစ်ပြီး မကြာခင်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ် ချုပ်ဆိုတော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

တရားဝင်ကြေညာခြင်းမရှိသေးပေမယ့် အာဆင်နယ်ကို အူဘာမီယန်းရောက်သွားပြီဆိုတဲ့ သတင်းတွေက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

ဒေါ့တ်မွန်တိုက်စစ်မှူး အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကအထိ ဒေါ့တ်မွန်အသင်းမှာ လေ့ကျင့်ရေးဆင်းခဲ့ပါသေးတယ်။ ဒါပေမဲ့ အာဆင်နယ်နဲ့အူဘာမီယန်းတို့ကြားမှာ ဆွေးနွေးမှုတွေ ရှိနေခဲ့ပြီး ပြီးခဲ့တဲ့အင်္ဂါနေ့က ဒေါ့တ်မွန်လေဆိပ်ကနေ ထွက်ခွာသွားတဲ့ အူဘာမီယန်းကို သတင်းထောက်တွေက မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။

အာဆင်နယ်အသင်းဘက်ကလည်း ယနေ့ဗုဒ္ဓဟူးနံနက်မှာ အူဘာမီယန်းဗီဒီယိုဖိုင်တစ်ခုကို သူတို့ဝက်ဘ်ဆိုက်မှာ တင်ခဲ့ပါတယ်။ ဒါပေမဲ့ ခဏအတွင်းမှာပဲ ဒီဗီဒီယိုကို ပြန်လည်ဖယ်ရှားခဲ့ပေမယ့် အာဆင်နယ်ပရိသတ်အချို့က ကြည့်ရှုလိုက်ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အူဘာမီယန်းဟာ အာဆင်နယ်အသင်းနဲ့ သုံးနှစ်ခွဲ စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး တစ်ပတ်လစာငွေ ပေါင် ၁၈၀,၀၀၀ ရရှိမှာ ဖြစ်ပါတယ်။

အေစီမီလန်၊ လိုင်လီ၊ မိုနာကိုနဲ့ စိန့်အက်တီနီအသင်းတွေမှာ ကစားခဲ့တဲ့ အူဘာမီယန်းဟာ ဒေါ့တ်မွန်အသင်းမှာ ၂၁၂ ပွဲပါဝင်ကစားခဲ့ပြီး ၁၄၁ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ သူတို့အသင်းအခုထက်ပိုပြီး တိုက်စစ်ကစားနိုင်ဖို့ဆိုရင် တိုက်စစ်ကစားသမားတွေ လိုအပ်တယ်လို့သာ ပြောဆိုထားပါတယ်။

အူဘာမီယန်းဟာ ဒေါ့တ်မွန်အသင်းမှာ သုံးနှစ်ဆက်တိုက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့သူ ဖြစ်ပြီး၂၀၁၅ ခုနှစ်က အာဖရိက အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly