မဂ္ဂါဝပ်ထောင်ကျော်အထိ ထုတ်လုပ်မည့် LNG ဓာတ်အားပေး စက်ရုံများ အကောင်အထည်ဖော်မည်

မဂ္ဂါဝပ်ထောင်ကျော်အထိ ထုတ်လုပ်မည့် LNG ဓာတ်အားပေး စက်ရုံများ အကောင်အထည်ဖော်မည်
ဓာတ်ပုံ-လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

 

မဂ္ဂါဝပ် ၃ ထောင်ကျော် အထိ ထုတ်ပေးနိုင်မည့် ကျောက်ဖြူ CCGT စီမံကိန်းအပါအဝင် LNG ဓာတ်အားပေး စက်ရုံများ တည်ဆောက်အကောင်အထည်ဖော်မည်ဖြစ်ပြီး ထားဝယ် ကန်ပေါက် LNG to Power စီမံကိန်း၊ မီးလောင်ဂျိုင် LNG to Power စီမံကိန်း၊ အလုံ LNG to Power စီမံကိန်းများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းဆောင်ရွက်မည့်ကုမ္ပဏီများသို့ Notice to Proceed ပေးအပ်သည့်အခမ်းအနားကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် Horizon Lake View Hotel နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်ခဲ့သည်။

ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်အရ ကန်ပေါက် LNG (Liquefied Natural Gas) to Power စီမံကိန်းအတွက် TOTAL & SIEMENSA.G ကုမ္ပဏီအားလည်းကောင်း၊ မီးလောင်ဂျိုင် LNG to Power စီမံကိန်းအတွက် Zhefu & Supreme ကုမ္ပဏီအားလည်းကောင်း၊ အလုံ LNG to Power စီမံကိန်းအတွက် TTCL Public Company Limited ကုမ္ပဏီအား လည်းကောင်း၊ ကျောက်ဖြူ CCGT စီမံကိန်းအတွက် Sinohydro & Supreme ကုမ္ပဏီ အား လည်းကောင်း၊ Notice to Proceed အသီးသီးပေးအပ်ရန် လက်မှတ်ရေးထိုးခဲ့သည်။

Notice to Proceed သည် စီမံကိန်း အကောင်အထည်ဖော်ရန် ပဏာမလုပ်ငန်းများဖြစ်သည့် လုပ်ငန်းစီမံချက် များ၊ ကြိုတင်လေ့လာမှုများ၊ ဒီဇိုင်းထုတ်ခြင်းများနှင့် အကြိုအင်ဂျင်နီယာလုပ်ငန်းများကို  စတင်လုပ်ဆောင် သွားနိုင်ရန်အတွက် ဖြစ်ပြီး စီမံကိန်းအတွက် ဘဏ္ဍာငွေနှင့် လိုအပ်သည့် စာချုပ်များဖြစ်သည့် ဓာတ်အား ရောင်းဝယ်ရေးစာချုပ်နှင့် စီမံကိန်းမြေနေရာငှားရမ်းခြင်း စာချုပ်များ၊ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အခြားလိုအပ်သည့် လိုင်စင်နှင့် ပါမစ်များ ရရှိရေးအတွက် ဖြစ်သည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူ Combined Cycle Power Project (CCPT) မှ ၁၃၅  မဂ္ဂါဝပ်ကို (၂၈) လအတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါစီမံကိန်းများအားလုံးကို (၄၈)လအတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ကာ ပြီးစီးပါက ဓာတ်အားစနစ်အတွင်းသို့ မဂ္ဂါဝပ် (၃၁၁၁) ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နှစ်က လျှပ်စစ်ကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားသော အချက်အလက်များအရ ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ် အား သုံးစွဲမှုပမာဏမှာ တစ်နှစ်လျှင် မဂ္ဂါဝပ် ၁၂၀၀ ကျော် သုံးစွဲကြောင်း သိရသည်။

တနသာၤရီတိုင်း၊ ထားဝယ်ရှိ ကန်ပေါက် LNG သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း၏ ပထမအဆင့်သည် ၃၆ လအတွင်း ပြီးစီးမည်ဖြစ်ပြီး (၄၈) လတာကာလအတွင်း ဒုတိယအဆင့် ပြီးဆုံးပါက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် (၁၂၃၀)မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်အနီးရှိ မီးလောင်ဂျိုင် LNG သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း၏ ပထမအဆင့်အား (၃၆) လနှင့် ဒုတိယအဆင့် ကို (၄၂) လအတွင်း ပြီးစီးပါက စုစုပေါင်း မဂ္ဂါဝပ် (၁၃၉၀) ခန့် ထုတ်လုပ်သွားမည် ဖြစ်သည်။ 

အလုံ LNG သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း (၃၅၆) မဂ္ဂါဝပ်ကို (၂၈) လအတွင်း  ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး  Floating Storage Regasification Unit(FSRU)၊ဓာတ်ငွေ့ပိုက်လိုင်း၊ ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားပို့လွှတ်ရေးလိုင်းများအားလုံးကို တစ်ပေါင်းတည်း အဖြစ် စီမံကိန်းတစ်ခုစီ အလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အဆိုပါစီမံကိန်းများအတွက် Integrated Project တွင်ပါဝင်သည့် ဗို့အားမြင့် ဓာတ်အားလိုင်း တည်ဆောက် ပြီးစီးရေးအပိုင်းတွင် ကြုံတွေ့ရလာနိုင်တဲ့ Right of Wayအတွက် Land Acquisition နှင့် Compensation ကိစ္စရပ်များကို ဝန်ကြီးဌာနအနေဖြင့်လည်း အပြည့်အဝပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ စီမံကိန်းများပြီးစီးပါက မဂ္ဂါဝပ် ၅၀၀၀ ကျော်အထိ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသော အချက်အလက်များအရ ခန့်မှန်းရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က “ လက်ရှိတွင် သဘာဝဓာတ်ငွေ့ထုတ်လုပ် မှု လျော့နည်းလာခြင်း၊ ရေအားလျှပ်စစ် စီမံကိန်းများမှာလည်း အချိန်ယူ၍ တည်ဆောက်ရခြင်းတို့ကြောင့် ကာလလတ်တစ်ခုအတောအတွင်း လျှပ်စစ်ဓာတ်အား လျော့နည်းမှုအား ဖြည့်ဆည်းပေးနိုင်ရန် အတွက် မိမိတို့ အနေဖြင့် LNG အား နိုင်ငံခြားမှ တင်သွင်း၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ LNG တင်သွင်းခြင်းသာမက နိုင်ငံအတွင်းရှိ ကုန်းတွင်း/ ကမ်းလွန် သဘာဝဓာတ်ငွေ့ များအား LNG သို့ ပြောင်းလဲပေးသွားနိုင်မည့် စီမံကိန်းများကို လည်း ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ” အဖွင့်အမှာစကား တွင် ထည့်သွင်းပြောကြားခဲ့သည်။

နေပြည်တော်တွင် ပြုလုပ်သော အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ဒုတိယ ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ ဝန်ကြီးများ၊ပြည်သူ့ လွှတ်တော်အောက်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးမှု ကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာ သံရုံးအသီးသီးမှ သံအမတ်ကြီးများနှင့် စီးပွားရေး သံမှူးများ၊ အမြဲတမ်းအတွင်းဝန်များ၊ဌာနအကြီးအကဲများ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly