အမေရိကန်တို့ ခေတ်ကာလသစ်တစ်ခုထဲသို့ ရောက်ရှိနေပြီဟု ဒေါ်နယ်ထရမ့်က နိုင်ငံတော်မိန့်ခွန်းတွင် ထုတ်ဖော်ပြောကြား

အမေရိကန်တို့ ခေတ်ကာလသစ်တစ်ခုထဲသို့ ရောက်ရှိနေပြီဟု ဒေါ်နယ်ထရမ့်က နိုင်ငံတော်မိန့်ခွန်းတွင် ထုတ်ဖော်ပြောကြား

ဇန်နဝါရီ ၃၁ ။            ။ အမေရိကန်တို့အနေဖြင့် ခေတ်ကာလသစ်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ နိုင်ငံတော်အခြေပြမိန့်ခွန်းထဲတွင်   ကြွေးကြော်ပြောကြားသွားခဲ့သည်။

ကွန်ဂရက်လွှတ်တော်မှတဆင့် တစ်နိုင်ငံလုံးကို ဦးတည် ပြောကြားသည့် ထရမ့်၏ မိန့်ခွန်းထဲတွင် ၎င်းသမ္မတ တာဝန်ရယူပြီးနောက်ပိုင်း လုပ်ဆောင်ထားနိုင်ခဲ့သည့် တိုးတက်အောင်မြင်မှုများနှင့်ပတ်သက်၍ အမွှမ်းတင်ပြောဆိုသွားခဲ့သည်။

အလားတူ လွှတ်တော်အတွင်း နှစ်ပါတီ နှစ်အုပ်စု ကွဲပြားနေသည် ဆိုသော်ငြားလည်း အားလုံး တစ်စုတစ်စည်းတည်း လက်တွဲလုပ်ဆောင်သွားကြရန်လည်း ထရမ့်က တိုက်တွန်းသွားသည်။

ထရမ့်၏ မိန့်ခွန်းထဲတွင် အထူးသဖြင့် မြောက်ကိုရီးယား၊ အီရန် တို့၏ ခြိမ်းခြောက်မှု ရန်စွယ်များနှင့်ပတ်သက်၍လည်း အထူးအလေးပေး သတိပေးပြောဆိုသွားသည်။ တစ်ချိန်တည်းမှာလည်းပဲ မော်စကိုနှင့် ပေကျင်းတိ့ုသည်လည်း အမေရိကန်ရဲ့ အကျိုးစီးပွား၊ တန်ဖိုးစံနှုန်းများအပေါ် လာရောက်ထိပါးစိန်ခေါ်နေလျက်ရှိကြောင်း ထရမ့်က ပြောသွားသည်။

အလားတူ အစ္စလမ္မစ်နိုင်ငံတော် အိုင်အက်စ်အကြမ်းဖက်အုပ်စုကို နှိမ်နင်းရာတွင် ဆက်လက်၍ လုပ်ဆောင်စရာ များစွာ ကျန်နေသေးကြောင်း ထရမ့်က ပြောသည်။

သမ္မတဟောင်း ဘရက်ခ် အိုဘားမားလက်ထက်က ပိတ်သိမ်းရန် စီစဉ်ထားခဲ့သည့် ဂွာတာနာမို အကျဉ်းထောင်စခန်းကိုလည်း ၎င်း၏လက်ထက်တွင် ယခင်အတိုင်း ဆက်ဖွင့်ထားဦးမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောသည်။

ယင်းအပြင် အမေရိကန်၏ အခြေခံအဆောက်အအုံပိုင်းကို ပြန်လည်ပြုပြင်ရန်အတွက် ရင်းနှီးမြုှပ်နှံမှု ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ လိုအပ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly