မျက်တောင်လေးတွေထိခိုက်ပျက်စီးစေမယ့် အမူအကျင့်မှား (၉) ခု

မျက်တောင်လေးတွေထိခိုက်ပျက်စီးစေမယ့် အမူအကျင့်မှား (၉) ခု

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့မျက်နှာမှာ အလှကိုပြီးပြည့်စုံစေတာက မျက်လုံးမျက်ခုံးလေးတွေပါပဲ။ မျက်လုံးမျက်ခုံးကောင်းရင် မချောရင်တောင် ကြည့်ကောင်းကြပါတယ်။ မိန်းကလေးတွေကတော့ မျက်ခုံးနဲ့ မျက်တောင်အတွက် အလှအပပြင်ဆင်နည်းတွေအများကြီးရှိတာမို့ မျက်နှာအလှအတွက် ပူစရာသိပ်မရှိပါဘူး။ ဒါပေမယ့် မိတ်ကပ်လိမ်းခြယ်တာ ဘယ်လောက်ကောင်းကောင်း မျက်ဝန်းအလှကို မခြယ်သနိုင်ရင် ဆားမပါတဲ့ဟင်းလို ဘာလိုနေမှန်းမသိတဲ့အလှကို ရရှိပါလိမ့်မယ်။

အလှတရားအတွက်က မိတ်ကပ်ကိုဘယ်လိုလေးလိမ်းမယ်၊ ဘယ်လိုလေးခြယ်မယ်၊ မျက်ခုံးတက်တူးလေးထိုးမယ်၊ မျက်တောင်တုလေးတပ်မယ်၊စတဲ့ ပြင်ဆင်ပုံနည်းလမ်းတွေရှိနေပေမယ့် အဲဒီအလှကို ရေရှည်ခံစေဖို့က ပင်ကိုယ်မျက်နှာလေးကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ပြောရရင် အလှပြုပြင်မှုတွေဘယ်လောက်ခေတ်မီလာပါစေ မူရင်းကောင်းဖို့လည်းအရေးကြီးပါတယ်။

အခုပြောပြပေးမှာက ကိုယ့်ရဲ့သတိမထားမိတဲ့အပြုအမူလေးတွေကြောင့် မျက်တောင်လေးတွေကို ထိခိုက်စေပြီး အလှပျက်စေတဲ့အကြောင်းပါ။ မသိလိုက်ဘဲ အမြဲလိုလိုဆက်လုပ်မိနေမယ်ဆိုရင် ရှိရင်းစွဲအလှတရားတွေ ပျက်ယွင်းစေနိုင်တာကြောင့် ဒီအချက်တွေကို သတိထားသင့်ပါတယ်။

(၁) မိတ်ကပ်မဖျက်ဘဲ အိပ်ခြင်း

တစ်နေ့တာလုံးကုန်ဆုံးတဲ့အချိန် မအိပ်ခင် မျက်နှာသစ်ဖြစ်ရင်တောင် ဖျက်ရခက်တဲ့ရေစိုခံမျက်တောင်ကော့ဆေးနဲ့ဆို အခက်တွေ့ရပါတယ်။မိတ်ကပ်မဖျက်ဘဲ အိပ်မိရင်တော့ ဝက်ခြံတွေဖြစ်လာစေရုံမက မျက်တောင်လေးတွေကိုပါ ထိခိုက်စေပါလိမ့်မယ်။ မျက်တောင်ကော့ဆေးတွေရဲ့သဘာဝက မျက်တောင်ကိုကော့ပြီးတောင့်စေတာဖြစ်လို့ မဖျက်ရသေးဘဲအိပ်မိရင် ခေါင်းအုံးနဲ့ပွတ်မိတဲ့အခါ မျက်တောင်ကို ပွန်းစေ၊ ကျိုးခေါက်စေနိုင်ပါတယ်။ မျက်နှာသစ်ဖို့အပျင်းထူလိုက်တဲ့ညတွေမှာ makeup remover လေးတော့သုံးပေးသင့်ပါတယ်နော်။

(၂) မျက်တောင်ကော့ဆေးသုံးပြီးမှ မျက်တောင်ကော့စက်သုံးခြင်း

ကော့ညွှတ်နေတဲ့မျက်တောင်လေးတွေ မပိုင်ဆိုင်ချင်တဲ့သူဆိုတာရှိပါ့မလား။ မျက်တောင်ကော့ဆေးနဲ့ညှပ်ကိရိယာလေးသုံးလိုက်တာနဲ့ နေဂိုထက်သုံးဆလောက်ပိုရှည်လျားတဲ့မျက်တောင်အလှကိုပိုင်ဆိုင်ရမှာပါ။ ဒါပေမယ့် မျက်တောင်ကော့ဆေးမသုံးခင်မှာပဲ ညှပ်ကိုသုံးရမှာပါ။ မျက်တောင်ကော့စက်သုံးတဲ့အခါ မျက်တောင်အရင်းနားကိုလည်းအရမ်းမကပ်သင့်ပါဘူး။မျက်တောင်မွေးကိုထိခိုက်စေပြီး ကျွတ်လွယ်စေပါတယ်။

(၃) မျက်တောင်ဆက်ခြင်း

မျက်တောင်ဆက်တယ်ဆိုတာ မျက်တောင်ရှည်လျားလှပစေဖို့ အမြန်ဆုံးနည်းဖြစ်ပေမယ့် အမြဲဆိုသလိုမလုပ်သင့်ပါဘူး။ လုပ်မယ်ဆိုရင်လည်း နာမည်ရှိပြီးစိတ်ချရတဲ့အလှပြုပြင်ဆိုင်ကိုပဲရွေးပါ။ တကယ်တော့ မျက်တောင်ဆက်တာက ကိုယ့်ရဲ့မူလမျက်တောင်မှာ လေးလံစေပြီး မျက်တောင်ရဲ့အမြစ်အိတ်ကိုထိခိုက်ပျက်စီးစေနိုင်လို့ မျက်တောင်ကျွတ်စေနိုင်ပါတယ်။

(၄) မျက်လုံးကိုပွတ်ခြင်း

မိန်းကလေးတော်တော်များများမှာ ဒီအကျင့်ရှိတတ်ပါတယ်။ ယားလို့ပဲဖြစ်ဖြစ် အမှုန်ဝင်တာပဲဖြစ်ဖြစ် မျက်စိကိုတအားပွတ်တာက မျက်လုံးကိုထိခိုက်စေနိုင်တဲ့အပြင် မျက်တောင်လည်းပျက်စီးစေပါတယ်။ နုနယ်တဲ့ မျက်လုံးတဝိုက်ကို ထိတွေ့သမျှဟာ ညင်သာနေမှဖြစ်မှာပါ။ဒါ့ကြောင့် မျက်တောင်ကော့ဆေးတွေဖျက်တဲ့အခါ၊ မျက်နှာကိုရေသုတ်တဲ့အခါ မကြမ်းတမ်းမိအောင် ဂရုစိုက်ပါ။
(၅) သက်တမ်းလွန်အလှကုန်တွေသုံးခြင်း

မျက်တောင်ကော့ဆေး၊ အိုင်းလိုင်နာ၊ အိုင်းရှဲဒိုး စတဲ့မျက်လုံးတဝိုက်အလှကုန်တွေကို သက်တမ်းလွန်နေရင်မသုံးပါနဲ့။ မျက်တောင်ကော့ဆေးကဟောင်းလွန်းရင်း ဘက်တီးရီးယားတွေရှိနေနိုင်ပြီး မျက်တောင်ကျွတ်တာ၊ ပိုးဝင်တာတွေဖြစ်စေနိုင်ပါတယ်။ မျက်တောင်ကော့ဆေး သို့မဟုတ် အိုင်းလိုင်နာကို သုံးလတစ်ကြိမ်အသစ်လဲသင့်ပါတယ်။

(၆) မျက်တောင်တုအမြဲတပ်ခြင်း

အထာကျကျလှနေမယ့် မျက်ဝန်းကိုတော့ အမြဲလိုချင်ကြမှာပါ။ ဒါပေမယ့် မျက်တောင်တုကို အမြဲလိုလိုတပ်ထားရင်တော့ မကောင်းပါဘူး။ တပ်တဲ့ ဖြုတ်တဲ့နည်းက မှားနေရင်လည်း မျက်တောင်တွေကို ပျက်စီးစေပါတယ်။ မျက်တောင်တုကိုကပ်တဲ့ကော်က ဓာတ်မတည့်မှုဖြစ်စေတတ်သလို ဖုန်မှုန့်နဲ့ပိုးမွှားတွေကပ်ငြိနေတဲ့မျက်တောင်တုတွေက သင့်မျက်လုံးအတွက် လုံးဝမကောင်းပါဘူး။ တစ်ခါတလေ ပွဲရှိမှ အလှတပ်တာမျိုးပဲသုံးသင့်ပါတယ်။

(၇) ဈေးပေါတဲ့ပစ္စည်းတွေသုံးခြင်း

ဈေးသက်သာပြီး အရည်အသွေးစိတ်မချရတဲ့ပစ္စည်းတွေကိုအဓိထားမသုံးပါနဲ့။ တစ်ခုဆိုတစ်ခု တံဆိပ်ကောင်းတာလေးဝယ်ပါ။ မျက်လုံးနဲ့ပတ်သက်ရင် ပိုသတိထားရပါတယ်။ ဈေးပါတဲ့ကုန်ပစ္စည်းတွေက သက်တမ်းကုန်ဆုံးတာပိုမြန်သလို ထိခိုက်စေတဲ့ဓာတုပစ္စည်းတွေပါဝင်တတ်ပြိး မျက်တောင်ကို အချိန်မရွေးပျက်စီးစေနိုင်ပါတယ်။

(၈) ရေစိုခံ မျက်တောင်ကော့ဆေးသုံးလွန်းခြင်း

တစ်နေကုန်မပျက်တဲ့အလှကို လူတိုင်းနှစ်သက်တယ်ဆိုပေမယ့် ရေစိုခံမျက်တောင်ကော့ဆေးဟာ ဖျက်ရခက်တဲ့ပစ္စည်းထဲမှာပါဝင်ပါတယ်။ ဒီလိုတာရှည်ခံတဲ့ပစ္စည်းကို နေ့တိုင်းသုံးမယ်ဆိုရင် မျက်တောင်မှာ မလိုလားအပ်တဲ့လေးလံမှု၊ကပ်ငြိမှုတွေဖြစ်လာစေနိုင်ပြီး သူ့ကိုပြန်ဖျက်တဲ့အခါ(မျက်နှာသစ်တဲ့အခါ) မျက်တောင်ထိခိုက်ကျိုးပဲ့တာတွေဖြစ်လာနိုင်ပါတယ်။ ခပ်ကြမ်းကြမ်းပွတ်ပြီးဖျက်တာများလာရင် မျက်တောင်အရင်းကို ထိခိုက်စေပါတယ်။

(၉) မျက်တောင်ကော့ဆေးကို သူများနဲ့မျှသုံးခြင်း

ပုံမှန်ဆို ဘာမှမထိခိုက်စေနိုင်သလိုထင်ရပေမယ့် အလှကုန်ပစ္စည်းတွေ၊အသုံးအဆောင်တွေကိုမျှသုံးတာ၊လဲသုံးတာတွေက နောက်ဆက်တွဲပြဿနာတွေရှိစေနိုင်ပါတယ်။ မိတ်ကပ်အသုံးအဆောင်တွေဆိုတာ အဆီပြန်တဲ့အသားအရေ၊ ကွဲအက်နေတဲ့နှုတ်ခမ်းနဲ့ ပိုးမွှားရှိနေတဲ့မျက်တောင်တွေမှာ အသုံးပြုထားတာဖြစ်နိုင်လို့ သူများနဲ့မျှသုံးတာက စိတ်မချရပါဘူး။ မျက်တောင်ကော့ဆေးက သူ့ချည်းပဲကို ဘက်တီးရီးယားပေါက်ဖွားတတ်တဲ့အရာဖြစ်လို့ သန့်သန့်ရှင်းရှင်းသုံးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly