မြောက်ကိုရီးယားဘက် ကတောင်းပန်ရေးမှာ အရေးကြီး ဟုတောင်ကိုရီးယား သမ္မတပြောကြား

မြောက်ကိုရီးယားဘက် ကတောင်းပန်ရေးမှာ အရေးကြီး ဟုတောင်ကိုရီးယား သမ္မတပြောကြား

ဆိုးလ်၊ သြဂုတ် ၂၄ ။         ။ ယခုလတွင် တောင်ကိုရီးယားစစ်သားများကို ဒဏ်ရာရစေခဲ့သည့် မိုင်းထောင်မှုများအပါအဝင် လက်နက်သုံးရန်စမှုများ အတွက်မြောက်ကိုရီးယား အနေဖြင့်တောင်-မြောက် ကိုရီးယားဆွေးနွေးပွဲတစ်ခုတွင် တောင်းပန်ရန်အရေးကြီးကြောင်း တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက သြဂုတ်၂၄တွင် ပြောကြားခဲ့သည်။

"ကျွန်မတို့ ရှင်းလင်းတဲ့ တောင်းပန်မှုတစ်ခုလိုအပ်တယ်။ နောက်ပြီး ဒီလိုမျိုး ရန်စမှုတွေ၊ တင်းမာမှုတွေ ထပ်မဖြစ်ဖို့ လုပ်ဆောင်မှုတွေလိုပါတယ်"ဟု ၎င်း၏ထိပ်တန်းလက်ထောက်များနှင့် အစည်းအဝေး တစ်ခုတွင် ပတ်က ပြောကြားခဲ့သည်။" ဒီလိုမှမဟုတ်ရင် ဒီအစိုးရက သင့်လျော်တဲ့ လုပ်ဆောင်ချက်တွေလုပ်ရမှာဖြစ်ပြီး အသံချဲ့စက်တွေကနေ ဆက်ပြီးလွှင့်ထုတ်သွားရမှာ ဖြစ်တယ်"ဟု ၎င်းကဆိုသည်။

မိုင်းဗုံးပေါက်ကွဲမှုအပြီး စတင်ခဲ့သော တောင်ကိုရီးယား၏ ဝါဒဖြန့်အသံထုတ်လွှင့်မှုများကြောင့် လွန်ခဲ့သည့် သီတင်းပတ်က မြောက်ကိုရီးယားက တောင်ကိုရီးယားဘက်သို့ အမြောက်ဖြင့် စတင်ပစ်ခတ်ရာ မှကိုရီးယားကျွန်းဆွယ်အား လက်နက်ကိုင်ပဋိပက္ခ၏ နုတ်ခမ်းဝသို့ တွန်းပို့ခဲ့သည်။ အခိုင်အမာခံတပ်ပြုထားသော နယ်စပ်တစ်လျှောက် တင်းမာမှုလိပ်ခဲတည်းလည်းအခြေအနေကို အဆုံးသတ်ရန် စစ်ရပ်စဲရေးကျေးရွာ ပန်မန်ဂျွမ်တွင် ကိုရီးယားနှစ်နိုင်ငံမှ ထိပ်တန်းညိနှိုင်းရေးမှူးများသည် သြဂုတ် ၂၂မှစ၍ ဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။

သို့သော်လည်း မြောက်ကိုရီးယားသည် အမြောက်တပ်များကို နယ်စပ်သို့ နောက်ထပ်ချပြောင်းရွှေ့ချထားခြင်း၊ ရေငုပ်သင်္ဘောဒါဇင်များစွာကို ချထားခြင်းတို့ဖြင့် စေ့စပ်ညိနှိုင်းမှုကို အားနည်းအောင် လုပ်ဆောင်နေသည်ဟု တောင်ကိုရီးယား၏ ပြောကြားချက်ကြောင့် ဆွေးနွေးပွဲများကို ထိခိုက်လျက်ရှိသည်။ လိပ်ခဲတည်းလည်းဖြစ်ရခြင်း၏ အရင်းမြစ်မှာတောင်ကိုရီးယား စစ်သားများကိုခြေလက် အင်္ဂါချွတ်ယွင်းစေသော ယခုလ နယ်စပ်တွင် မြေမြုပ်မိုင်း ပေါက်ကွဲခြင်းကြောင့်ဖြစ်သည်။

မိုင်းထောင်သည်ဟု စွပ်စွဲချက်နှင့် အတူ တောင်ကိုရီးယားသည် ဆယ်နှစ်ကျော်ရပ်နားထားခဲ့သော အသံချဲ့စက်ဖြင့် ဝါဒဖြန့်မှုကို ပြန်လည်ပြုလုပ်ခြင်းဖြင့် လက်တုံ့ပြန်ခဲ့သည်။ မြောက်ကိုရီးယားကမူ မိုင်းထောင်မှုမပြုလုပ်ဘဲ တောင်ကိုရီးယားအနေဖြင့် ၎င်း၏ စိတ်ဓါတ်စစ်ဆင်ရေးကို မရပ်တန့်ပါက တိုက်ခိုက်ခံရမည်ဟု ရာဇသံပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly