မှတ်ပုံတင်ပြီး စီးတီးတက္ကစီများတွင် ယာဉ်မောင်းအချက်အလက်ကို ခရီးသည်များ မြင်နိုင်အောင် ကပ်ထားပေးမည်

မှတ်ပုံတင်ပြီး စီးတီးတက္ကစီများတွင် ယာဉ်မောင်းအချက်အလက်ကို ခရီးသည်များ မြင်နိုင်အောင် ကပ်ထားပေးမည်

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ။          ။ မှတ်ပုံတင်ပြီး စီးတီးတက္ကစီများတွင် ယာဉ်မောင်းနှင့် တက္ကစီအချက်အလက်များကို ယာဉ်မောင်းဘေးထိုင်ခုံရှေ့တွင်ကတ်ပြားတစ်ခု၊ ယာဉ်မောင်းနောက်ထိုင်ခုံတွင် ကတ်ပြားတစ်ခုစီ ထားရှိစေမည်ဖြစ်သည်ဟု စီးတီးတက္ကစီမှတ်ပုံတင်ရေးကိစ္စကို တာဝန်ယူဆောင်ရွက်ပေးနေသည့် YRTA မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုအချက်အလက်များကိုကြည့်၍ ခရီးသည်များအနေဖြင့် မှတ်သားထားကာ လိုအပ်သလိုဆက်သွယ်မေးမြန်းနိုင်သည့်အပြင် ဥပဒေနှင့်ဆက်နွယ်သည့် ကိစ္စများအတွက်လည်း တောင်းခံလာသည့် အချက်အလက်များကို ပေးပို့နိုင်သည်ဟု ၎င်းကဆိုသည်။

"ကျွန်တော်တို့ကဒီစီးတီးတက္ကစီတွေမှာ နံပါတ်တစ်က ဘေးနံပါတ်ရှိတယ် အရှေ့ပိုင်းခရိုင် East E ဘယ်လောက် ဒါလေးကိုမှတ်ထားရင် ဒီယာဉ်နဲ့ပတ်သတ်တဲ့ပြဿနာတစ်စုံတစ်ရာဖြစ်ရင် ကျွန်တော်တို့ဆီလာခဲ့ အစဆုံးရှာပေးမယ်၊ နောက်ဒုတိယအချက်ယာဉ်မောင်း ယာဉ်မောင်းတစ်ယောက်နဲ့ပတ်သတ်ပြီးတော့ ကတ်ပြားနှစ်ခုပေးတယ်၊ ပထမတစ်ခုက ယာဉ်မောင်းသူရဲ့ဘေးဘက်ထိုင်ခုံမှာရှေ့မှာဓာတ်ပုံနဲ့အချက်အလက်နဲ့ထားပေးရတယ်၊ နောက်တစ်ခုယာဉ်မောင်းသူရဲ့နောက်ထိုင်ခုံမှာ နောက်ကPassenger(ခရီးသည်)ကြည့်ရင်လည်းသိအောင်" ဟု YRTAမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော်လည်း လက်ရှိအချိန်အထိ တက္ကစီများတွင် ထိုကဲ့သို့အချက်အလက်များ ကပ်ထားပေးခြင်းမရှိသည်ကိုလည်းတွေ့နေရပြီး စည်းကမ်းလိုက်နာမှုပိုင်းဖြင့် စစ်ဆေးအရေးယူဆောင်ရွက်ယုံဖြင့်မရဘဲ လူတိုင်းအသိစိတ်တွင် လိုက်နာရမည်ဟု အသိရှိထားစေလိုကြောင်း ၎င်းကဆိုသည်။

၂၀၁၇ခုနှစ် နိုဝင်ဘာလမှစတင်၍ စီးတီးတက္ကစီများကို လာရောက်သက်တမ်းတိုး မှတ်ပုံတင်စေရန် ကြေငြာထားပြီး ယခု၂၀၁၈ခုနှစ် ဇန်နဝါရီ ၃၁ရက်နေ့အထိ နောက်ဆုံးထားခွင့်ပြုပေးထားသည်။

စီးတီးတက္ကစီဟုဆိုရာတွင် ရန်ကုန်လိုင်စင်(YGN)ဖြစ်သည့် တက္ကစီများကိုသာ ဆောင်ရွက်ပေးနေပြီး လာရောက်ဆောင်ရွက်ရာတွင် ယာဉ်မောင်းနှင့် ယာဉ်ကိုပါ ဓာတ်ပုံရိုက်မှတ်တမ်းတင်ထားသည်။

၁၄.၁၁.၂၀၁၇မှ ၂၉.၁.၂၀၁၈ခုနှစ်အထိ စီးတီးတက္ကစီအဖြစ်မှတ်ပုံတင်ရန် ယာဉ်အသစ်ပေါင်း (၁၂၀၂၇)စီး၊ ခရိုင်ပြောင်းယာဉ်ပေါင်း (၆၉၇၈)စီး၊ သက်တမ်းမတိုးပဲ သက်တမ်းပြတ်နေသည့် တက္ကစီယာဉ်ပေါင်း (၃၂၄၇၄)စီး၊ ယာဉ်အားလုံးစုစုပေါင်း (၅၁၄၇၉)စီးသည် YRTAသို့ လာရောက်ဆောင်ရွက်ခဲ့သည်။

စီးတီးတက္ကစီများနှင့်ပတ်သတ်သည့် ယာဉ်တိုက်မှု၊ လူတိုက်မှု၊ ပစ္စည်းပျောက်မှု၊ ဖောက်ထွင်းမှု စသည့်အမှုများတွင် ဥပဒေတာဝန်ယူထားသည့် အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ မထသလက်ထက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယမန်နှစ် ၂၀၁၇ခုနှစ် (၄)လပိုင်းမှ ၂၀၁၇ခုနှစ် (၁၀)လပိုင်းအထိ အမှုပေါင်း (၃၇၂)မှုကို ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly