ဘူးသီးတောင်၊ မောင်တောဒေသများတွင် ပြည်သူ့စစ်အဖွဲများ ထပ်ဖွဲ့ရန် မလိုသေးဟု ဆို

ဘူးသီးတောင်၊ မောင်တောဒေသများတွင် ပြည်သူ့စစ်အဖွဲများ ထပ်ဖွဲ့ရန် မလိုသေးဟု ဆို
ဓာတ်ပုံ - အေးချမ်းခိုင်

နေပြည်တော်၊ ဇန်နဝါရီ ၃၀ ။               ။ ရခိုင်ပြည်နယ် ဘူးသီးတောင် ၊ မောင်တောဒေသများတွင် ပြည်သူ့စစ်အဖွဲ့များ ထပ်ဖွဲ့ရန် မလိုအပ်သေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ဇန်နဝါရီလ ၃၀ ရက်တွင် ပြောသည်။

တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ပြည်သူ့စစ်ဌာနေ အဖွဲ့များဖြင့် ဘူးသီးတောင်၊ မောင်တော ဒေသများတွင် နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေသောကြောင့် လတ်တလော ထိုဒေသများတွင် ပြည်သူ့စစ်အဖွဲ့များ ထပ်ဖွဲ့ရန် မလိုအပ်သေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကပြောသည်။

ယနေ့ ဇန်နဝါရီ ၃၀ရက်က ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး နဝမနေ့ အစီအစဉ်တွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း တင်သွင်းခဲ့သော မောင်တောမြို့နယ်၏ လုံခြုံရေး ၊ တရားဥပဒေ စိုးမိုးရေး ၊ ရပ်ရွာ အေးချမ်းသာယာရေး အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်နိမိတ်အတွင်း မြို့နယ် ရဲစခန်းများ တိုးချဲ့ ဖွင့်လှစ်ပေးရန်နှင့် လုံခြုံရေး အားနည်းသည့် နေရာနှင့် လုံခြုံရေး လုံး၀ မရှိသည့် ဒေသခံ တိုင်းရင်းသားကျေးရွာများ၌ ပြည်သူ့စစ် ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း မေးမြန်းခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက “ဘူးသီးတောင် မောင်တော ဒေသမှာ လက်နက်တပ်ဆင်ထားသည့် ပြည်သူ့စစ်ဌာနေ အဖွဲ့ သုံးဖွဲ့ အပါအဝင် ပြည်သူ့စစ်ဌာနေ ၃၄ ဖွဲ့ဖြင့် နယ်မြေဒေသ လုံခြုံရေး နယ်စပ်ဒေသ လုံခြုံရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းပြီး စဉ်ဆက်မပြတ် တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း”   ဖြေကြားခဲ့သည်။

လက်ရှိတွင် နယ်ခြားစောင့် ရဲ ကွပ်ကဲမှု အဖွဲ့တွင်နယ်မြေစခန်း ၁၆ခု ရှိပြီး၊ ၁၂ခုဖွင့်လှစ်ထားပြီးလေးခု ထပ်မံ ဖွင့်လှစ်ရန်ကျန်သေးကြောင်း ၎င်းကပြောသည်။

ပြည်သူ့စစ် ဖွဲ့စည်းမှုများနှင့် ပတ်သတ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နှင့်ပူးပေါင်းကာ ပြည်သူ့စစ်ဌာနေ ၅၉၆ဖွဲ့ အား ဖွဲ့စည်းထားပြီး၊ ဘူးသီးတောင်၊ မောင်တော နယ်မြေတွင် ပြည်သူ့စစ်ဌာနေ အဖွဲ့ ၃၄ဖွဲ့ ဖွဲ့စည်းထားရှိပြီး ၎င်း၃၄ ဖွဲ့အနက်မှ ဗန္ဓုလ၊ တပ်ချောင်း၊ ဝေလာတောင် ကျေးရွာများတွင် အဆိုပါသုံးဖွဲ့ကို လက်နက်များတပ်ဆင်ပေးပြီး၊ လေ့ကျင့်ရေးကျည်များဖြင့် လေ့ကျင့်ပေးနိုင်ခဲ့သည်ဟု ဗိုလ်ချုပ်အောင်စိုးက ဆက်လက်ပြောကြားသည်။

“ မောင်တောမြို့နယ် ရဲတပ်ဖွဲ့ အနေနဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တစ်ရုံး၊ မောင်တော မြို့မရဲစခန်းနဲ့ တောင်ပြိုဝဲ နယ်မြေရဲစခန်း တို့ ဖွင့်လှစ်ထားရှိပါတယ်။ ဒါ့အပြင် မောင်တောမြို့နယ်၊   မြင်းလွတ်ရဲကင်းစခန်းကို နယ်မြေရဲစခန်းအဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ဖို့အတွက်နဲ့ ခမောင်းဆိပ် နယ်မြေရဲစခန်းတစ်ခု တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ အတွက် ဆောင်ရွက်ခဲ့တဲ့ အခါမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၀ရက်နေ့မှာ ပြုလုပ်တဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့၏ အစည်းအဝေး အမှတ်စဉ် ၁၅/၂၀၁၇ အရ ခွင့်ပြုခဲ့ပြီး ဖြစ်တဲ့အတွက် ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဦးစွာ ရှင်းလင်းတင်ပြအပ်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်စပ်ဒေသလုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ရာမှာ ပိုမိုထိရောက်စေရန်အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဥပဒေကို ရေးဆွဲလျက်ရှိသည် ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကဖြေကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly