လှိုင်သာယာ "၁စျေး"တွင် တားမြစ်ဆိုးဆေးသုံးလက်ဖက်နှင့် ဖော်မလင်ပါ ပဲသွေးတွေ့ရှိ

လှိုင်သာယာ "၁စျေး"တွင် တားမြစ်ဆိုးဆေးသုံးလက်ဖက်နှင့် ဖော်မလင်ပါ ပဲသွေးတွေ့ရှိ
ဓာတ်ပုံ-YGN FDA

 

ဇန်နဝါရီ ၃၀ ။                                    ။ လှိုင်သာယာမြို့နယ် "၁ဈေး"တွင် FDA မှ ဝင်ရောက်စစ်ဆေးရာ လက်ဖက်(၁)မျိုးတွင် တားမြစ်ဆိုးဆေး Auramine O နှင့် ပဲသွေးတွင် ဖော်မလင် ပါဝင်နေသည်ကို တွေ့ရှိရကြောင်း ရန်ကုန် FDA မှ ထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်တွင် အဆိုပါဈေးရှိ စားသောက်ကုန်ဈေးဆိုင်များမှ အစားအသောက်နမူနာ အမျိုး ၂၀ ဝယ်ယူပြီး မုန့်ဖတ်၊ ပဲပြား၊ ပဲသွေး၊ လက်ဖက်၊ ငါးပိတို့ကို test kit ဖြင့် စစ်ဆေးခဲ့ရာ ယင်းသို့တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လက်ဖက်တွင် တားမြစ်ဆိုးဆေး Auramine O နှင့် ပဲသွေးတွင် ဖော်လင်တွေ့ရှိရသောကြောင့် ရောင်းချ နေသူများအား တားမြစ်ဓာတုဆေးပါဝင်သော ပစ္စည်းများအား ရောင်းချခြင်းမပြုရန် ဝန်ခံကတိရေးထိုးခိုင်းခဲ့ပြီး ရောင်းလက်စပစ္စည်းများအား ဖျက်ဆီးခဲ့သည်။

ထို့ပြင် ဆေးဆိုင်(၃)ဆိုင်တွင် မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ (လိုင်းဆေး) သိမ်းဆည်းရမိပြီး ဆေးဆိုင်(၁)ဆိုင်တွင် စပ်ဆေးများနှင့် လိုင်းဆေးအမြောက်အများတွေ့ရှိ သိမ်းဆည်းရမိ၍ ရောင်းချနေသောဆေးဆိုင်များအား ထိရောက်စွာအရေးယူနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် အနေဖြင့် ထုတ်လုပ်သည့်ပင်ရင်းများကို ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၈ ရက်က ရန်ကင်းမြို့နယ် ရန်ကင်းမြို့မဈေး၌ မုန့်ဖတ်၊ နန်းကြီး၊ ညှပ်ခေါက်ဆွဲ၊ ခေါက်ဆွဲ၊ ပဲပြား၊ ကြက်သွေးခဲ၊ လက်ဖက်နှင့် ငပိစသည့် အစားအသောက်များတွင် ခွင့်မပြုဓာတုပစ္စည်းများ ထည့်သွင်း အသုံးပြုထားခြင်း ရှိ/မရှိ ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် FDA မှ ရှောင်တခင် ဝယ်ယူစစ်ဆေးခဲ့ရာ စစ်ဆေးခဲ့သော အစားအသောက်များတွင် ခွင့်မပြုဓါတုပစ္စည်းသုံးစွဲထားခြင်းမရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly