တိကျမှန်ကန်သည့် အဖြေများကိုသာ လွှတ်တော်တွင် လာရောက်ဖြေဆိုရန် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ သတိပေး

တိကျမှန်ကန်သည့် အဖြေများကိုသာ လွှတ်တော်တွင် လာရောက်ဖြေဆိုရန် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ သတိပေး

 

ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ။         ။  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ကိုယ်စားလှယ်များ၏ မေးမြန်းမှုကို လာရောက်ဖြေဆိုပေးသည့် အစိုးရအဖွဲ့ဝင်များ အနေဖြင့် တိကျမှန်ကန်သည့် အဖြေများသာ လာရောက်ဖြေဆိုပေးရန် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက သတိပေးပြောဆိုလိုက်သည်။

"လွှတ်တော်မှာ လာရောက်ဖြေကြားတဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့မှ ဝန်ကြီးများအနေနဲ့လည်း ပြည့်ပြည့်စုံစုံနဲ့ ကြောင်းကျိုး ဆီလျော်အောင်ဖြေကြားပေးပါ။ မိမိတို့ဖြေကြားမှုများမှာ   မြေပြင်တွင်ဖြစ်ပေါ်နေသော အခြေအနေများကိုသာအခြေခံပြီး တိကျမှန်ကန်စွာ ဖြေဆိုကြပါ" ဟု တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ဆိုသည်။

ယနေ့ ဇန်နဝါရီ ၃၀ ရက်နေ့တွင် ပြန်လည်ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ပထမနေ့ လွှတ်တော်အစည်းအဝေးများ မကျင်းပမီ လွှတ်တော်ဥက္ကဋ္ဌမှ အထက်ပါအတိုင်း သတိပေးပြောဆိုခဲ့ခြင်း ဖြစ်သည်။

"မေးခွန်းများကို လာရောက်ဖြေဆိုပြီး မိမိဖြေဆိုခဲ့သည့် ဖြေကြားချက်များတွင် ကတိကဝတ်များပါခဲ့ရင် အကောင်အထည် ဖော်နိုင်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒါမှသာမေးမြန်းသူရော ဖြေကြားသူပါ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မှာ ဖြစ်တယ်" ဟု လွှတ်တော်ဥက္ကဋ္ဌ ဆက်လက်ပြောဆိုခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း မေးခွန်းမေးရန်တွင် တိတိကျကျရှင်းလင်းစွာမေးရန်လိုအပ်ပြီး မဲဆန္ဒရှင် ပြည်သူများ အမှန်တကယ်ကြုံတွေ့နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များကိုသာ မေးခွန်းမေးရန်လိုသည်ဟု ဦးတင်မောင်ထွန်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အနေဖြင့်  လွှတ်တော်အစည်းအဝေးများ ကျင်းပလာသည့် နှစ်နှစ်တာကာလအတွင်း အဆိုပေါင်း (၂၅) ခု တင်သွင်းခဲ့ပြီး ကြယ်ပွင့်ပြ မေးခွန်း (၇၂၉) ခုနှင့် ကြယ်ပွင့်မပြ မေးခွန်း(၁၂၅) ခု မေးမြန်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly