အမှန်တရားနှင့် တရားမျှတမှုအတွက် ဦးကိုနီနှင့် ကိုနေဝင်း အသက်ပေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို

အမှန်တရားနှင့် တရားမျှတမှုအတွက် ဦးကိုနီနှင့် ကိုနေဝင်း အသက်ပေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို
ဓာတ်ပုံ - သက်ကို

 

ရန်ကုန် ၊ ဇန်နဝါရီ ၂၉ ။              ။ တရားလွှတ်တော် ရှေ့နေ ဦးကိုနီ နှင့် အငှားယာဉ်မောင်း ကိုနေဝင်းတို့သည် အမှန်တရားနှင့် တရားမျှတမှုအတွက် အသက်ပေးခဲ့သူများ ဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သည့် ဦးကိုနီ နှင့် ကိုနေဝင်းတို့ ကျဆုံးခြင်း (၁) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်းရေးသားထားခြင်းဖြစ်သည်။

"သေသောသူကြာရင်မေ့ ဆိုသော်လည်း ၎င်းတို့နှစ်ဦးကို ပြည်သူအများစုက မမေ့နိုင်ကြပါ။ ၎င်းတို့သည် လူသေသော်လည်း နာမည်မသေသူများဖြစ်ကြပါတယ်။ အမှန်တရားနှင့် တရားမျှတမှုရှိသော လူ့အဖွဲ့အစည်းဖြစ်စေရန် လူတိုင်းတွင် တာဝန်ရှိပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က အောက်မေ့ဖွယ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ရေးသားထားသည်။

ဦးကိုနီနှင့် ကိုနေဝင်းအား အောက်မေ့ဖွယ် အခမ်းအနားသို့ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ ၊ နိုင်ငံတကာသံရုံးမှ ကိုယ်စားလှယ်များ၊ တက်ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် စင်ကာပူလေကြောင်းလိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံမှ ပြန်ရောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဗဟိုဥပဒေအထောက်အကူပြု အဖွဲ့ဝင်တစ်ဦးဖြစ်သည့် တရားလွှတ်တော် ရှေ့နေ ဦးကိုနီသည် ရန်ကုန်လေဆိပ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရသည်။

ဦးကိုနီအား ပစ်ခတ်လုပ်ကြံခဲ့သည့် သေနတ်သမားကို ဝိုင်းဝန်းဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် အငှားယာဉ်မောင်း ကိုနေဝင်းသည်လည်း သေနတ်သမား၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

လက်ရှိတွင် ဦးကိုနီကို လုပ်ကြံခဲ့သည့် သေနတ်သမား ကြည် လင်းနှင့် ခိုင်းစေသူများဟု သံသယရှိသည့် အောင် ဝင်းဇော်၊ အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ကို ဖမ်းဆီးမိထား ကာ အဓိကသံသယတရားခံ ဖြစ်သူ အောင်ဝင်းခိုင်မှာ လွတ်မြောက် နေဆဲဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly