ပုသိမ်-ကြံခင်း ရထားလမ်းပိုင်း ရေကျော်နေရာများတွင် ကျပ်သန်း ၁၈၀ အကုန်ကျခံပြုပြင်မည်

ပုသိမ်-ကြံခင်း ရထားလမ်းပိုင်း ရေကျော်နေရာများတွင် ကျပ်သန်း ၁၈၀ အကုန်ကျခံပြုပြင်မည်

ဇန်နဝါရီ ၂၈ ။           ။ နှစ်ပေါင်းတစ်ရာကျော်ရှိ ပုသိမ်-ကြံခင်း ရထားလမ်းပိုင်း ရေကျော်နေသည့်နေရာများတွင် ကျပ်သန်း ၁၈၀ ဝန်းကျင် အကုန်ချခံပြုလုပ်မည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၈ ရက်တွင် လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

"အသုတ်နဲ့ပုသိမ်ကြာ ရေကြီးတဲ့အခါရေမြုပ်တာရှိတဲ့ ရထားသံလမ်း တစ်ပေ သုံးလက်မကို မြင့်ဖို့ရှိပါတယ်၊ ပုသိမ်-ကြံခင်း ရထားမောင်းချိန်ရှစ်နာရီရှိပြီး၊ လမ်းပြင်ဆင်ပြီးချိန်မှာ   မောင်းချိန်လျော့ချနိုင်မယ်၊ လမ်းအခြေအနေ အရ တစ်နာရီကို မိုင်နှစ်ဆယ်နှင့်နှစ်ဆယ်ငါး နှုန်းဖြင့်မောင်းနေရပြီ၊ တစ်နာရီ မိုင်လေးဆယ်လောက် မောင်းနိုင်ရင် မောင်းချိန်လျော့ချနိုင်တယ်။  သုံးစွဲမှုပိုများလာပြီး ရထားပို့ဆောင်ရေးလုပ်ငန်းအတွက် ကောင်းလာနိုင်ပါတယ်” ဟု လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ရထားလမ်းပြုပြင်ရေးလုပ်ငန်းအား ပြည်ထောင်စုရန်ပုံငွေမှ ချထားပေးပြီး အသုတ်လမ်းပိုင်နှင့် ဂုန်းမင်းနှင့်ဒါးက ကြားရထားလမ်းပိုင်တို့အား ပြုပြင်မည်ဖြစ်သည်။

ဂုန်မင်းနှင့်ဒါးက ကြားအား ၈၁ သန်း ကုန်ကျခံပြုလုပ်ပြီး၊ အသုတ်နှင့် ဂုန်မင်းကြားအား ၉၇ သန်း ကုန်ကျခံပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် လုပ်ဆောင်မည်ဟု မြန်မာ့မီးရထားတိုင်း ၉ မြို့ပြ တိုင်းအင်ဂျင်နီယာ ဦးအောင်အောင်ထွန်းက ပြောသည်။

ပုသိမ်-ကြံခင်းရထားလမ်းအား ၁၉၀၂ ခုနှစ်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ၁၄၇ မိုင်ရှိပြီး တစ်နေ့လျှင် လူဦးရေ ၅ ထောင်ဝန်းကျင် ရထားအား အသုံးပြုနေပြီး၊ နေ့စဉ် ခရီးစဉ် ၈ ကြိမ်ပြေးဆွဲလျက်ရှိသည်။

၂၀၁၅-၁၆ ခုနှစ်တွင် ဂုန်မင်းနှင့် ဒါးကကြားတွင် ရထားလမ်းပေါ်သို့ရေ ၅ပေ၃လက်မရောက်ခဲ့ခြင်းကြောင့် ရထားလမ်းအား တစ်လကျော်ပိတ်ခဲ့ရပြီး၊၂၀၁၆-၁၇တွင်လည်း ဂုန်မင်း နှင့်ဒါးက ကြားတွင် ရထားသံလမ်း ပေါ်တွင် ရေ၉လက်မကျော်ခဲ့ ၁၄ရက်လောက် ရထားလမ်းပိတ်သိမ်းခဲ့ရသည်။

ထို့ကြောင့် အဆိုပါရထားလမ်းပိုင်းကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ရထားကို အသုံးပြုပြီး ကုန်စည် ပို့ဆောင်ခြင်း နှင့် ခရီးသွားလာခြင်းများကို ဧရာဝတီတိုင်းတွင် ပြည်သူများ အသုံးပြုနေကာ ပုသိမ်မှ ကြံ့ခင်းအထိ ၂၇ ဘူတာ ရှိသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများဆောင်ရွက်နိုင်ခြင်းမရှိသော ပိုလျှံငွေ ကျပ် သန်းပေါင်း ၄ သောင်း နီးပါးအား လာမည့် မတ်လ ၃၁ ရက်မတိုင်ခင် ဧရာဝတီတိုင်းဒေသကြီးဖွံဖြိုးရေး အတွက် သုံးစွဲရန် ဇန်နဝါရီလ ၂၅ ရက်က ပြုလုပ်သော တိုင်းအစိုးရကက်ဘိနက်အစည်းအဝေးတွင် ဆုံးဖြတ်ထားကြသည်။

လတ်တလောတွင် ပုသိမ်မြို့ ကန်သုံးဆင့်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအတွက် ခွင့်ပြုငွေ ကျပ် ၃၆၇ သိန်း၊ ပုသိမ်ဈေး ချောင်းကမ်းနှစ်ဘက် အုတ်စီနံရံလုပ်ဆောင်မှု တစ်ဖက်လျှင် ၆၇၃ ပေနှင့် နံရံနှစ်ဖက်ပြုလုပ်ပြီး ကုန်ကျငွေသိန်းပေါင်း ၈၉၅ သိန်း ကုန်ကျမည်ဟု ပုသိမ်စည်ပင်သာယာမှ ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly