နိုင်ငံရေးသိပ္ပံ လေ့လာမှု မဟာသင်တန်း မန္တလေးတက္ကသိုလ်တွင် စတင်ဖွင့်လှစ်

နိုင်ငံရေးသိပ္ပံ လေ့လာမှု မဟာသင်တန်း မန္တလေးတက္ကသိုလ်တွင် စတင်ဖွင့်လှစ်

ဇန်နဝါရီ ၂၈ ။            ။ နိုင်ငံရေးသိပ္ပံ လေ့လာမှု မဟာသင်တန်း (Master of Political Studies=MPolS) ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှ စတင်ပြီး မန္တလေးတက္ကသိုလ်တွင် ဖွင့်လှစ်ခဲ့သည်။

ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ယနေ့ ဇန်နဝါရီလ ၂၈ ရက် ၊ နံနက် ၉ နာရီတွင် နိုင်ငံရေးသိပ္ပံ လေ့လာမှု မဟာသင်တန်းကို မန္တလေးတက္ကသိုလ်၊ သုတေသန ခန်းမဆောင်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ MPolS 1st Batch သို့ နယ်ပယ်အသီးသီးမှ နိုင်ငံရေးပညာ လေ့လာနေသူ သင်တန်းသား၊ သင်တန်းသူ ၃၅ ဦး တက်ရောက်ခွင့်ရပြီး၊ သင်တန်းကာလမှာ ၂ နှစ်သင်တန်း ဖြစ်ကာ အောင်မြင်ပြီးပါက နိုင်ငံရေး သိပ္ပံ ပါရဂူဘွဲ့ ဆက်လက်တက်ရောက်နိုင်မည် ဖြစ်သည်။

ပထမနှစ်  (Master of Political Studies=MPolS) သင်တန်းအတွက် MPolS-111 (Contemporary Politics of Myanmar 1) ၊ MPolS-112 (Contemporary Politics of USA)၊ MPolS-113 (Political Economy)၊ MPolS-114 (Comparative Politics of Southeast Asia)၊ MPolS-115 (Public Policy)၊ MPolS-116 (Political Ideologies & Theories) ဘာသာရပ်များကို သင်ကြားပေးမည် ဖြစ်ပြီး ပြည်တွင်းပြည်ပ နိုင်ငံရေးသိပ္ပံကျွမ်းကျင်သူ ပါမောက္ခများ၊ ဆရာ/ဆရာမများက  မန္တလေး တက္ကသိုလ် နိုင်ငံရေးသိပ္ပံ္ပနှင့် နိုင်ငံတကာဆက်ဆံရေးပညာဌာနအစီအစဉ်ဖြင့် သင်ကြားပေးမည် ဖြစ်သည်။

ယနေ့ ဖွင့်လှစ်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဌေး၊ တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဌာနဝန်ကြီး ဒေါက်တာစိုးသန်း၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ် Mr. Nandan Singh Bhaisora၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သီတာဝင်း၊ မန္တလေးတက္ကသိုလ် မှ ဒုတိယပါမောက္ခချုပ်များ၊ မန္တလေးနိုင်ငံခြား ဘာသာသင် တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမိမိကြီး၊ မန္တလေးတက္ကသိုလ် နိုင်ငံရေးသိပ္ပံ နှင့် နိုင်ငံတကာဆက်ဆံရေးပညာဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာသီတာထွန်း နှင့် နိုင်ငံရေးသိပ္ပံ ကျောင်းသားဟောင်းများအသင်း နာယက ဦးတင်အောင် (မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်)၊ အသင်းဥက္ကဋ္ဌ ဒေါက်တာလှစိုးညွန့်တို့ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly