သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သော ရဲတပ်သားဖမ်းဆီးခံရမှု မိသားစုဝင်များ တွေ့ခွင့်မရသေး

သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သော ရဲတပ်သားဖမ်းဆီးခံရမှု မိသားစုဝင်များ တွေ့ခွင့်မရသေး

 

မန္တလေး၊ ဇန်နဝါရီ ၂၇ ။              ။ မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊အမှတ်(၄)ရဲစခန်းတွင် တပ်ဖွဲ့ဝင်အချင်းချင်း ဖိနှိပ်နေမှုများနှင့်၊ ကိုယ်ထိလက်ရောက်ကျူးလွန်နေမှုများရှိနေသည်ကို သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ရဲတပ်သားသည် သတင်းစာရှင်းလင်းပွဲအပြီး ဖမ်းဆီးခံခဲ့ရကာ မိသားစုဝင်များဖြင့် ယနေ့ ဇန်နဝါရီလ ၂၇ ရက်၊မွန်းလွဲ ၃ နာရီအထိ တွေ့ခွင့်မရသေးကြောင်း သိရသည်။

ဇန်နဝါရီ ၂၆ ရက်၊မွန်းလွဲ ၁နာရီက မီဒီယာစင်တာ (မန္တလေး)တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ၎င်းနေ့ ညနေ ၅ နာရီမှာပင် အောင်မြသာစံမြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

"ကျွန်မတွေ့ဖို့ ဒီနေ့ ၁၂ နာရီကတည်းက စောင့်နေတာ။တွေ့ခွင့်ရမယ်ပြောလို့ ဒါပေမယ့် အခု ၃ နာရီထိုးတော့ စုံခုံစစ်မှာမို့ တွေ့ခွင့်မပေးပါဘူး။ စားစရာလည်း မပေးခဲ့ရဘူး။ ကျွန်မအမျိုးသားအတွက် စိုးရိမ်တယ်။"ဟု ရဲတပ်သား သန်းဖြိုးအောင်၏ ဇနီး မပွင့်ဖြူခိုင်က ပြောသည်။

လက်ရှိတွင် မပွင့်ဖြူခိုင်မှာ ကလေးနှစ်ယောက်ဖြင့် အခက်အခဲများဖြစ်ပေါ်နေပြီး အကူအညီများလည်း လိုအပ်နေသည်ဟု လတ်တလောကူညီဆောင်ရွက်ပေးနေသူ MDCF မှ ကိုသိန်းအောင်မြင့်က ပြောသည်။

ဖမ်းဆီးစစ်နေမှုများဖြင့်ပတ်သက်၍ အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှ တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုခြင်း မရှိသေးပေ။

ယမန်နေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်သား သန်းဖြိုးအောင်နှင့် ဇနီး မပွင့်ဖြူခိုင်တို့က ၎င်းတို့အား ကိုယ်ထိလက်ရောက် ကျူးလွန်မှုများနှင့် ပတ်သက်ပြီး ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly